ကမ္ဘာ့ဘဏ်

July 4, 2018

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်

မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနဲ့  စီးပွားရေး အသွင်ကူးပြောင်းမှုတို့မှာ ဆက်လက်ကူညီသွားမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာဟာ ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်အတွင်း မြန်မာနိုင်ငံကို လာမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၄ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေအပြင် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့  တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ မကြာသေးခင်က  ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း  ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီပေးနေတာတွေကို ရပ်ထားတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အသွင်ကူးပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကူညီပေးမယ်လို့ ကတိပြုထားပါတယ်။
3 years Ago

May 18, 2018

မြန်မာ့စီးပွားရေး တိုးတက်လာပြီး ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလာဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တိုးတက်လာပြီး ငွေကြေးဖောင်းပွမှု နှုန်းကလည်း ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်က မနေ့က ရန်ကုန်မှာ ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ)ဟာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ခန့်မှန်းခြေ ၅ဒသမ၉ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၆ဒသမ၄ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ ခုလို တိုးတက်လာရတာဟာ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ကောင်းမွန်လာတာ၊  ထုတ်လုပ်မှုကဏ္ဍမှာ စွမ်းဆောင်မှုတိုးတက်လာတာနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အရမ်းတိုးတက်လာတာကြောင့်ဖြစ်ပြီး ခရီးသွားလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေကတော့ မရေရာမှုတွေကြောင့် အနည်းငယ်နှေးသွားခဲ့တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ မြန်မာ့စီးပွားရေးဟာ လက်ရှိ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာလည်း ၆ဒသမ၇ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါ့အပြင်  ငွေကြေးဖောင်းပွမှုနှုန်းကလည်း  ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ၇ ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ၅ဒသမ၅ ရာခိုင်နှုန်းကို လျော့ကျသွားပြီး  ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာတော့ ၄ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းမယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားပါတယ်။ မြန်မာ့စီးပွားရေးဟာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အနည်းငယ် အရှိန်နှေးသွားခဲ့ပေမယ့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်းပြည်ပက မရေမရာ မသေချာတဲ့ အခြေအနေတွေအကြားက အကောင်းဘက်မှာရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုအန္တရာယ်တွေကလည်း ရှိနေဆဲဖြစ်ပြီး ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် အနာဂတ်တိုင်းပြည်ရဲ့ စီးပွားရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။ ဓာတ်ပုံ-ဆင်ဟွာ
4 years Ago
Up