ကမ္ဘာ့ဖလား စာ (၂)

July 7, 2018

တောဝက်အသင်းသားတွေဖတ်ဖို့ ကမ္ဘာ့ဖလား စာ (၂)

ကွာတားဖိုင်နယ် ပွဲကြို ဆွီဒင်-အင်္ဂလန် ရုရှား-ခရိုအေးရှား လိုဏ်ဂူထဲပိတ်မိနေတဲ့ နည်းပြလေး အေ(တ်) နဲ့ တောဝက်ဘောလုံးသမားလေးတို့ရေ ဒီနေ့ဆို မင်းတို့တွေ လိုဏ်ဂူထဲ ပိတ်မိနေကြတာ ရက်သတ္တ ၂ ပတ်တိတိ ရှိသွားပြီ။ ကမ္ဘာ့ဖလားဘောလုံးပွဲတွေလည်း ကွာတားဖိုင်နယ် နောက်ဆုံးကန်မယ့်နေ့ကို ရောက်ခဲ့ပြီလေ။ မင်းတို့ ဂူထဲမှာ အသက်ရှင်လျက်တွေ့တဲ့ ဓာတ်ပုံတွေ ကြည့်လိုက်တော့ မင်းတို့ထဲက နှစ်ယောက်မှာ တယောက်က အဂၤလန္အားကစားအက်ႌ ဝတ္ထားၿပီး တေယာက္က ရီးရဲလ္မက္ဒရစ္အက်ႌ ဝတ္ဆင္ထားတာ တွေ့လိုက်ရတယ်။ တောဝက်ကလေးတကောင် ဝတ်ထားတဲ့ အင်္ဂလန်ပွဲ ဒီညကန်မှာ မင်းတို့တော့ မကြည့်နိုင်ကြသေးဘူးနော်။ ဂူထဲမှာ မင်းတို့ရောက်နေတဲ့နေရာက ဂူပေါက်ဝနဲ့ တော်တော်ဝေးပြီး ကြားမှာ ရေငုပ်ဖြတ်သန်းရမှာလည်း ၆ နာရီလောက်ကြာမှာလို့ သတင်းတွေမှာ ကြည့်ရတယ်။ စိတ်လည်း မောရပါတယ်။ မင်းတို့ နှစ်သက်သဘောကျမယ်ထင်ရတဲ့ အင်္ဂလန်ရဲ့ ကွာတားဖိုင်နယ်ပွဲအကြောင်း ပြောပြမယ်နော်။ အုပ်စု ဂျီ က အင်္ဂလန်အသင်းဟာ တူနီးရှားကို ၂-၁၊ ပနားမားကို ၆-၁ နဲ့ နိုင်ပေမယ့် ဘယ်လ်ဂျီယံကိုတော့ ၂-၁ နဲ့ ရှုံးပြီး အုပ်စုဒုတိယနဲ့ အုပ်စုတက်တယ်။ ရှုံးထွက်အဆင့်မှာ ကိုလံဘီယာကို ပယ်နယ်တီထိ ကစားပြီး ပယ်နယ်တီနဲ့ နိုင်၊ အခုလို ကွာတားရောက်ခဲ့တာ ဖြစ်တယ်။ ပယ်နယ်တီတွေ ထည့်မတွက်ဘဲ သွင်းဂိုးတွေပဲ ရေတွက်ကြည့်ရင် အင်္ဂလန်အသင်းဟာ သွင်းဂိုး ၁၁ ဂိုး ပေးဂိုး ၅ ဂိုးထိ ရှိနေတာ တွေ့ရပြီး ပေးဂိုးတွေ များလွန်းနေတယ် တောဝက်ကလေးတို့ရေ။ သုံးသပ်နေကျစကားနဲ့ဆို ဒီလောက်ပေးဂိုးများတဲ့ အသင်းတသင်းဟာ ချန်ပီယံ မဖြစ်နိုင်ဘူး။ ဒီလိုပြောလို့ တောဝက်ကလေးတို့ စိတ်မကောင်းမဖြစ်ပါနဲ့။ အင်္ဂလန်သာ အခုပွဲ ဆွီဒင်ကို နိုင်လိုက်ရင် သူ့လမ်းကြောင်းက ဗိုလ်လုပွဲအထိ ဖြောင့်တန်းနေတယ်ကွ။ သူနဲ့ကစားမယ့် ဆွီဒင်အသင်းကတော့ ဂျာမနီတို့ မက္ကဆီကိုတို့နဲ့ အုပ်စုကျပ် အက်ဖ်ထဲ ပါဝင်ခဲ့ပေမယ့် အုပ်စုပထမနဲ့ အုပ်စုတက်ခဲ့တဲ့အသင်း ဖြစ်တယ်။ လျှော့တွက်လို့ မရဘူးပေါ့ တောဝက်ကလေးတို့ရာ။ ခံစစ်ကျစ်လျစ်ခိုင်မာတဲ့ ဆွီဒင်အသင်းဟာ အခုပြိုင်ပွဲတလျှောက် ပေးဂိုး ၂ ဂိုးပဲရှိပြီး အဲ့ဒီဂိုးတွေကလည်း ဂျာမနီနဲ့ပွဲမှာ ပေးခဲ့ရတာဖြစ်တယ်။ အင်္ဂလန်ရဲ့ အင်အားသစ်တွေဖြစ်တဲ့ ဟယ်ရီကိန်းတို့ လင်ဂတ်တို့ စတာလင်တို့ အုပ်စုတွေ ဆွီဒင်ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပေါ့ တောဝက်ကလေးတို့ရာ။ ၂၀၀၂ နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတွေမှာ ဒီနှစ်သင်းဆုံဖူးပြီး သရေရလဒ်ပဲ ထွက်ခဲ့တာလည်း ထည့်တွက်ရမယ့် အချက်တချက်ပဲ တောဝက်ကလေးတို့ရဲ့။ အနိုင်ဆိုရင်တော့ ကစားပုံပိုကောင်းပြီး ဒီနှစ်မှာ ပယ်နယ်တီလည်း မြူးနေတဲ့ အင်္ဂလန်ပဲပေါ့။ ပျော်တယ်မို့လား၊ ကျေနပ်နေမယ်မဟုတ်လား တောဝက်ကလေးတို့အုပ်စု။ ရုရှား-ခရိုအေးရှား ဇူလိုင် ၆ ရက်မနက်မှာ တောဝက်ကလေးတို့ ပိတ်မိနေတဲ့ လိုဏ်ဂူထဲက သတင်းဆိုးတခု ထွက်လာပြီး ကယ်ဆယ်ရေးလုပ်သားတယောက် အောက်ဆီဂျင်ပြတ်လို့ သေဆုံးသတဲ့။ တပူပေါ်နှစ်ပူဆင့်ဖြစ်ရပြီး တောဝက်ကလေးတို့ အုပ်စုအတွက်လည်း စိုးရိမ်စိတ် မြင့်တက်ခဲ့တယ်။ ဒီအတောအတွင်း တောဝက်ကလေးတို့ လိုဏ်ဂူထဲကို မိုင်းဖုန်းဆရာတော် တတိယအကြိမ် ကြွရောက်သွားလို့ ဆရာတော့်မေတ္တာနဲ့ တောဝက်ကလေးတို့ ရှင်သန်ဖို့ အားတက်ရပြန်တယ်။ ဟောဒီ ကမ္ဘာ့ဖလားမှာ တောဝက်ကလေးတို့ သတင်းကလည်း ကမ္ဘာ့မီဒီယာတွေကို လွှမ်းမိုးထားပြီး ဘောလုံးပွဲနဲ့အပြိုင်ပဲ တောဝက်ကလေးတို့ရဲ့။ တို့ ဒီဗွီဘီဝက်ဘ်ဆိုက်က လူဖတ်များတဲ့ သတင်းတွေ ကြည့်လိုက်ရင် မင်းတို့သတင်းတွေချည်းပဲ။ အခုည သန်းခေါင်ကျော်ကန်မယ့် အိမ်ရှင် ရုရှားနဲ့ ခရိုအေးရှားတို့ပွဲအကြောင်း ဆက်မယ် တောဝက်ကလေးတို့ရေ။ ခရိုအေးရှား ဘောလုံးအသင်းရဲ့ အုပ်စုတွင်းနိုင်ပွဲတွေက အပြည့်ဖြစ်ပြီး ဥရုဂွေးတို့ ဘယ်လ်ဂျီယံတို့နဲ့အတူ ၃ ပွဲကစား ၉ မှတ်နဲ့ အုပ်စုတက်ခဲ့တာလို့ တောဝက်ကလေးတို့ကို ပြောပြဖူးတယ်နော်။ အာဂျင်တီးနားလို အသင်းမျိုးကို ၃ ဂိုးပြတ် ကစားထားတဲ့ ခရိုအေးရှားခြေစွမ်းဟာ ချန်ပီယံခြေစွမ်းလို့တောင် အထင်ကြီးခဲ့ဖူးပါရဲ့။ ဒါပေမယ့် ရှုံးထွက်အဆင့်မှာ ဒိန်းမတ်နဲ့ကစားတော့ ခရိုအေးရှားခြေစွမ်းက မေးခွန်းထုတ်စရာဖြစ်ပြန်ပြီး ပယ်နယ်တီကန်ပြီး ကွာတားတက်ခဲ့ရတယ်။ မိုဒရစ်တို့ ရာကီတစ်တို့ ပယ်ရီဆစ်တို့ရဲ့ အုပ်စုဖွဲ့ တိုးအား တိုက်အားက ရုရှားကို အချိန်မရွေး ဒုက္ခပေးနိုင်တယ်။ လေ့လာသူတွေက အခုနှစ် ခရိုအေးရှားအသင်းဟာ ၁၉၉၈ ခုနှစ်က ကမ္ဘာ့ဖလားမှာ တတိယရခဲ့တဲ့ ခရိုအေးရှားထက် ပိုကောင်းတယ်လို့ ဆိုနေကြတယ်။ သူနဲ့ကန်မယ့် အိမ်ရှင် ရုရှားကတော့ ကမ္ဘာ့ဖလားမစခင်က ရှုံးထွက်အဆင့်လောက်ပဲ တက်မယ်လို့ အများက ခန့်မှန်းခဲ့ပေမယ့် မထင်မှတ်ထားတဲ့ ခြေစွမ်းနဲ့ ကွာတားဖိုင်နယ် တက်ခဲ့တယ်။ ကစားသမားကောင်းတွေ အများစုနဲ့ စုဖွဲ့ထားတဲ့ နာမည်ကျော် စပိန်အသင်းကို ရှုံးထွက်အဆင့်မှာ သရေခံကစားပြီး ဒီအဆင့်တက်လာခဲ့တာဖြစ်ပြီး ခံစစ်ကောင်းတယ်၊ ကောင်တာ ကောင်းကောင်းကစားတတ်တယ် တောဝက်ကလေးတို့ရဲ့။ ဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားမှာ အခုမှ ဆုံဖူးတာဖြစ်ပြီး ၂၀၁၆ ယူရိုခြေစစ်ပွဲမှာ ဆုံတုန်းက သရေရလဒ် ထွက်ဖူးတယ်။ ခင်ဗျား ဘာကြိုက်သလဲလို့ တောဝက်ကလေးတို့ မေးရင်တော့ ကစားပုံပိုကောင်းတဲ့၊ ပါရမီရှင် ကစားသမားတွေလည်း ပါတဲ့ ခရိုအေးရှားကို ပိုကြိုက်တယ်။ ဒါပေမယ့် တောဝက်ကလေးတို့ သိတယ်မို့လား။ အိမ်ရှင်ဆိုတဲ့ အားသာချက်လည်း ရှိ၊ ခြေစွမ်းလည်းမဆိုးတဲ့ ရုရှားတို့ ဆီမီးဖိုင်နယ် တက်သွားတယ် ဆိုရင်လည်း လက်ခံပေးရမှာပါပဲ တောဝက်ကလေးတို့ရေ။ တောဝက်ကလေးတို့ တဖွဲ့သားလုံး လိုဏ်ဂူထဲက မြန်မြန်ထွက်လာနိုင်ပြီး ကမ္ဘာ့ဖလားပွဲတွေ ကြည့်နိုင်ကြပါစေ။ ကိုလေအိုး
3 years Ago
Up