ကမ္ဘာ့တိုင်ပတ်အက ချန်ပီယံများ တရုတ်ပြည်ရောက် (ရုပ်သံ)

November 27, 2015

ကမ္ဘာ့တိုင်ပတ်အက ချန်ပီယံများ တရုတ်ပြည်ရောက် (ရုပ်သံ)

ကမ္ဘာတိုင်ပတ် အကချန်ပီယံပြိုင်ပွဲအတွက် နိုင်ငံပေါင်း ၁၀ နိုင်ငံက ကမ္ဘာတိုင်ပတ်အက ချန်ပီယံတွေ တရုတ်နိုင်ငံကို နိုဝင်ဘာ ၂၆ ရက်နေ့က ရောက်ရှိလာပါတယ်။ ဒီနှစ်တိုင်ပတ်အကတွေမှာတော့ အသက် ၄၀ ကျော် တိုင်ပတ်အကသမားတွေ ယှဉ်ပြိုင်မယ့် ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် အမေရိကန်ပြည်ထောင်စုက ချန်ပီယံ ဂရိတာပွန်တာရာလီကတော့ ကျန်းမာရေးအတွက် အရင် ၇ နှစ်လောက်က တိုင်ပတ်အကကို စတင်ကစားဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာဝန်တွေက ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်တဲ့ အားကစားကို လုပ်ဆောင်ဖို့ အကြံပေးခဲ့ရာကနေ အခုလို ကစားဖြစ်တာလို့ ပြောပါတယ်။ အခက်အခဲစိန်ခေါ်မှုတွေကို ဖြတ်သန်းပြီးတော့မှ တိုင်ပတ်အကကို ကစားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သြစတြေးလျက လက်တဖက်သာရှိတဲ့ မသန်စွမ်း တိုင်ပတ်ပြိုင်ပွဲကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒက်ရိုစ်က များပြားတဲ့ မသန်စွမ်း အသိုင်းအ၀န်းအတွက် ကိုယ်စားပြုချင်တယ်လို့ ပြောပါတယ်။ ညကလပ်တွေမှာ တိုင်ပတ်ကနေတာကို ကြည့်ပြီး စိတ်ဝင်စားလာတာဖြစ်တယ်လို့ပြောပါတယ်။ နိုင်ငံတကာက လာရောက်ယှဉ်ပြိုင်တဲ့သူတွေကြောင့်တိုင်ပတ်အကပေါ် ထားရှိတဲ့ အမြင်တွေက ပြောင်းလဲလာမယ်လို့ မျှော်လင့်တယ်လို့ ပွဲကို ဦးစီးကျင်းပတဲ့ ဗီလီအာက ပြောပါတယ်။ တိုင်ပတ်အကဆိုရင် အများက ဖော်ချွတ်နဲ့ လိင်ကို အသားပေးတယ်လို့ မှတ်ထင်ယုံကြည်ထားကြတယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ အာဂျင်တီးနား၊ သြစတြေးလျ၊ဖင်လန်၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်က ပြိုင်ပွဲဝင် ၁၁ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို အမျိုးသား၊ အမျိုးသမီး၊ မသန်စွမ်း၊ ၂ ယောက်တွဲနဲ့ အသက် ၄၀ ကျော် မာစတာတန်းဆိုပြီး ခွဲခြား ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ တိုင်ပတ် ချန်ပီယံရှစ်ကို စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုင်ပတ် အားကစားကို အိုလံပစ် ကော်မတီက အားကစားအဖြစ် အသိအမှတ်ပြုလာစေဖို့ ရည်ရွယ်တည်ထောင်ထားတာဖြစ်ပါတယ်။
7 years Ago
Up