ခြင်ကနေတဆင့် ကူးစက်တဲ့ ဇစ်ကာဗိုင်းရပ်စ် ပြန့်ပွားလာတဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပါတယ်။
ဇစ်ကာဗိုင်းရပ်စ်ဟာ အလျှင်အမြန် ပြန့်ပွားနေပြီး မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေသလို အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကူးစက်ခံရပါက ဦးခေါင်းနဲ့ ဦးနှောက် ပုံမှန်ထက်ငယ်တဲ့ ကလေးတွေ မွေးဖွားလာနိုင်တယ်လို့ ဆိုပါတယ်။
ဇစ်ကာကြောင့် ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာတွေကို အလျှင်အမြန်ဖြေရှင်းဖို့ ဒဗလျူအိပ်ခ်ျအိုကလည်း ဖိအားတွေ ရင်ဆိုင်နေရပါတယ်။
ဒဗလျူအိပ်ခ်ျအို အကြီးအကဲကလည်း ကိုယ်ဝန်ဆောင်စဉ်အတွင်း ဇစ်ကာဗိုင်းရပ်စ်ကြောင့် သာမန်အောက်ငယ်တဲ့ ဦးခေါင်းတွေနဲ့ ကလေးတွေ မွေးဖွားလာနိုင်တယ်ဆိုတာ သိပ္ပံနည်းအရ အတည်မပြုနိုင်ပေမယ့် ခိုင်ခိုင်မာမာ သံသယရှိနေတယ်လို့ ပြောပါတယ်။
ဒီဗိုင်းရပ်စ်ဟာ အမေရိကမှာ အလျှင်အမြန် ကူးစက်နေသလို ဒီဒေသမှာ လူ ၄ သန်းနီးပါး ကူးစက်ခံနေရတယ်လို့လည်း ဆိုပါတယ်။
၁၉၄၇ ခုနှစ်က ဇစ်ကာကို ယူဂန္ဓာနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပေမယ့် မပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်စေတာကြောင့် စိုးရိမ်ပူပန်မှု သိပ်မရှိခဲ့ပါဘူး။
ဇစ်ကာ ကူးစက်ရောဂါကနေ ကာကွယ်ဖို့ ခြင်တွေ ပေါက်ဖွားနိုင်မယ့် ရေသေတွေကို ဖယ်ရှားဖို့ ခြင်ထောင်နဲ့ အိပ်ကြဖို့၊ ခြင်အကိုက်ခံရတာကနေ ကာကွယ်ဖို့ တိုက်တွန်းထားပါတယ်။
7 years Ago