ကျူးဘားနိုင်ငံအလယ်ပိုင်း၊ စီယေးဂိုးဒီယာဗီလာမြို့မှာ မွေးဖွားလာတဲ့ ၀က်ကလေးတကောင်ဟာ မွေးကတည်းက မျောက်တကောင်ရဲ့ ဦးခေါင်းပုံစံ မျက်နှာနဲ့ မွေးဖွားလာခဲ့ပြီး အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားခဲ့ပါတယ်။
အဲဒီဝက်ကလေးဟာ ဒေသတွင်း လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေအတွက် စိတ်ဝင်စားစရာတခု ဖြစ်ခဲ့ပြီး မွေးပြီး လေးရက်အကြာမှာ သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဒေးလီးစတားသတင်းမှာ ဇန်န၀ါရီ ၁၁ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်မှာတော့ ပိုင်ရှင်က အဲဒီဝက်ကလေးကို ပွေ့ချီထားပြီး လာရောက်ကြည့်ရှုသူတွေကို ပြသနေတာ တွေ့ရပါတယ်။
သူ့ရဲ့ဦးခေါင်းမှာ ၀က်တကောင်ကဲ့သို့ နှုတ်သီးမပါရှိဘဲ ငေါထွက်နေတဲ့ အောက်မေးရိုးကြောင့် ၀က်နဲ့မတူဘဲ မျောက်တကောင်နဲ့ တူနေတာကို တွေ့ရပါတယ်။
ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားတာကတော့ ပိုင်ရှင်ဟာ တိရစ္ဆာန်ကုသရေး ဆေးခန်းဆီ သွားခဲ့ပြီး မွေးရာပါ ရောဂါတမျိုးကြောင့် ခုလိုမွေးဖွားလာခဲ့တာလို့ ဆိုပါတယ်။
7 years Ago