ကမ္ဘာတ၀န်း ဆီးချိုရောဂါဖြစ်ပွားနှုန်း တရှိန်ထိုးမြင့်တက်ဟု ဒဗလျူအိတ်ခ်ျအို ပြော

April 7, 2016

ကမ္ဘာတ၀န်း ဆီးချိုရောဂါဖြစ်ပွားနှုန်း တရှိန်ထိုးမြင့်တက်ဟု ဒဗလျူအိတ်ခ်ျအို ပြော

ကမ္ဘာတ၀န်း လူ ၁၁ ဦးတိုင်းမှာ ၁ ဦးလောက် ဆီးချိုရောဂါ ခံစားနေကြရပြီး ဖြစ်ပွားနှုန်းဟာ တရှိန်ထိုး မြင့်တက်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ပြောပါတယ်။ ၁၉၈၀ ပြည့်နှစ်က ဆီးချိုရောဂါဖြစ်ပွားသူ သန်း ၁၀၀ ကျော် ရှိခဲ့တာကနေ ၂၀၁၄ ခုနှစ်မှာ ၄ ဆမြင့်တက်လာပြီး သန်း ၄၀၀ ကျော်အထိ ရှိလာတယ်လို့ ဒဗလျူအိတ်ခ်ျအိုက ထုတ်ပြန်ပါတယ်။ သွေးထဲမှာ သကြားဓာတ်ပါဝင်နှုန်း မြင့်မားတာနဲ့ ဆက်စပ်ပြီး သေဆုံးနေသူဦးရေဟာ နှစ်စဉ် လူ ၃ ဒသမ ၇ သန်းလောက် ရှိနေတယ်လို့ ဒဗလျူအိတ်ခ်ျအို အစီရင်ခံစာက ဆိုပြီး ဒီရောဂါနဲ့ ပတ်သက်လို့ အလေးမထားရင် သေဆုံးနှုန်း ထပ်ပြီး မြင့်တက်နေဦးမယ်လို့လည်း ဒဗလျူအိတ်ခ်ျအို အာဏာပိုင်တွေက ဆိုပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့နိုင်ငံတွေမှာ လူ ၃ ဦးမှာ ၁ ဦးဟာ အ၀လွန်ရောဂါ ဖြစ်ပွားနေတဲ့အတွက် အဲဒီ အ၀လွန်ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်ပြီး ဆီးချိုရောဂါ ဖြစ်ပွားနှုန်းဟာ လိုက်ပြီး မြင့်တက်နေတာပါ။ ဆီးချိုရောဂါကြောင့် သေဆုံးမှုကို လူတွေ သိပ်ပြီး သတိမထားမိကြပေမယ့် ကမ္ဘာပေါ်မှာ လူသေဆုံးမှု အများဆုံး ရောဂါတွေထဲမှာ အဆင့် ၈ ရှိပါတယ်။ “ဒီဆီးချိုရောဂါနဲ့ ဘာလုပ်ဖို့လိုတယ်၊ ဘယ်လို တားဆီးနိုင်တယ် ဆိုတာလည်း သိကြပါတယ်။ ဒါပေမယ့် အလေးမထားဘဲ ဒီအတိုင်း ဆက်ထားထားရင် ဆီးချိုရောဂါနဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ ဆီးချိုရောဂါ ကာကွယ်တားဆီးရေး ဒဗလျူအိတ်ခ်ျအို အရာရှိက ပြောပါတယ်။ ၁၉၈၀ နှစ်တွေတုန်းကတော့ ဆီးချိုအဖြစ်အများဆုံး နိုင်ငံတွေဟာ ချမ်းသာတဲ့နိုင်ငံတွေ ဖြစ်ခဲ့ကြပေမယ့် အခုနောက်ပိုင်း ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ၀င်ငွေအလယ်အလတ်အဆင့်ရှိတဲ့ နိုင်ငံတွေမှာ အဖြစ်များတာ တွေ့ရလို့ အဲဒီနိုင်ငံတွေအတွက် နောက်ထပ် ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးတခုလည်း ဖြစ်လာရတာပါ။
6 years Ago
Up