ကဘူးလ်ရှိ အီရတ်သံရုံးနှင့် ရဲဌာနအနီး အသေခံဗုံးခွဲမှုဖြစ်၊ ၆ ဦး သေဆုံး

August 1, 2017

ကဘူးလ်ရှိ အီရတ်သံရုံးနှင့် ရဲဌာနအနီး အသေခံဗုံးခွဲမှုဖြစ်၊ ၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်က အီရတ်သံရုံးနဲ့ ရဲဌာနအနီးမှာ ဇူလိုင် ၃၁ ရက်နေ့က အသေခံဗုံးခွဲမှု၊ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် မနက် ၁၁ နာရီလောက်က အသေခံဗုံးခွဲသူတဦးဟာ အီရတ်သံရုံး ဝင်ပေါက်နားမှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာပါ။ အဲဒီနောက် သေနတ်သမား ၃ ဦးက ခြံဝင်းထဲဝင်လာပြီး လုံခြုံရေးတပ်တွေနဲ့ ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ လေးနာရီကြာ တိုက်ပွဲအပြီး အာဖဂန် လုံခြုံရေးတပ်တွေက သေနတ်သမားအားလုံးကို အသေဖမ်းမိခဲ့ပါတယ်။ တိုက်ပွဲအတွင်း သံရုံးပတ်လည်ကို သံချပ်ကာကားတွေ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြီးအကျယ် တပ်ချထားခဲ့ပါတယ်။ အသံအရမ်းကျယ်တဲ့ ပေါက်ကွဲသံ ၆ ကြိမ်၊ ၇ ကြိမ်လောက် ကြားခဲ့တယ်လို့ အခင်းဖြစ်နေရာနားမှာ ရှိနေခဲ့တဲ့ မျက်မြင်သက်သေက ပြောပါတယ်။ ညနေ ၃ နာရီမှာ တိုက်ခိုက်မှုကို နှိမ်နင်းပြီးစီးတယ်၊ သံရုံးထဲက လူအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် အာဖဂန်သံရုံးဝန်ထမ်း ၂ ဦး သေဆုံးပြီး တခြား ၃ ဦး ဒဏ်ရာရတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက သူတို့လုပ်တာလို့ တာဝန်ခံခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ အိုင်အက်စ်တွေကို နှိမ်နင်းပြီးစီးကြောင်း သတင်းစာရှင်းလင်းပွဲကို ဒီသံရုံးက လုပ်ခဲ့ပါတယ်။
4 years Ago
Up