ကဘူးလ်ရှိဟိုတယ် တိုက်ခိုက်ခဲ့သူများအား သုတ်သင်ခဲ့ဟု အာဖဂန်ပြည်ထဲရေး ပြော

January 22, 2018

ကဘူးလ်ရှိဟိုတယ် တိုက်ခိုက်ခဲ့သူများအား သုတ်သင်ခဲ့ဟု အာဖဂန်ပြည်ထဲရေး ပြော

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ရှိ ဟိုတယ်တိုက်ခိုက်မှုမှာ တာလီဘန် သေနတ်သမားအားလုံးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့တယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ ရက်ညက တာလီဘန်လက်နက်ကိုင်တွေဟာ ကဘူးလ်ရှိ နာမည်ကြီး ဇိမ်ခံဟိုတယ်တခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် နိုင်ငံခြားသား ၁၄ ဦးနဲ့ အာဖဂန် ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးက ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဟိုတယ်တိုက်ခိုက်မှုကို  ကိုယ်တွေ့ကြုံခဲ့သူတဦးက “ကျေနာ် မနေ့က ဟိုတယ် ဧည့်ကြိုကောင်တာသွားပြီး ညစာအကြောင်း စုံစမ်းတယ်။ နောက်တော့ စားသောက်ဆိုင်ဝင်ပြီး ထိုင်နေတုန်း သေနတ်သမားနှစ်ယောက်သုံးယောက် ဝင်လာတာကို တွေ့တယ်။ အဲဒါနဲ့ ကျေနာ် ၄ ထပ်ကို ပြေးတယ်။ နောက်တော့ ခန်းမဆောင်က ဧည့်သည်တွေကို သေနတ်သမားတွေပစ်သံ ကြားရတာပဲ” လို့ ပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ဆင်ရေးပြီးဆုံးခဲ့တယ်လို့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အာဖဂန်ပြည်ထဲရေးဝန်ကြီးက “စစ်ဆင်ရေး ကြာသွားရတဲ့ အကြောင်းရင်းတခုက ဟိုတယ်မှာ မာစတာကတ်သုံးပြီးမှ တခန်းပြီးတခန်း ဝင်ရှာလို့ရတဲ့ အထူးလုံခြုံရေး အစီအမံတွေ တပ်ဆင်ထားတာလည်း ပါပါတယ်။ နောက်ပြီး ညဘက်မှာ စစ်ဆင်ရေး ဆောင်ရွက်ရတာ အခက်အခဲရှိပါတယ်” လို့ ပြောပါတယ်။ အဲဒီ ဟိုတယ်တိုက်ခိုက်မှုဟာ ၂၀၁၁ နောက်ပိုင်း ဒုတိယမြောက် အကြီးမားဆုံး စီးနင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။ ၂၀၁၁ ဇွန်လတုန်းကလည်း တာလီဘန် လက်နက်ကိုင်တွေဟာ အဲဒီဟိုတယ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။
3 years Ago
Up