ကဗျာဝကမ်းခြေ

August 3, 2020

ကဗျာဝကမ်းခြေကို ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ပြန်ဖွင့်ခွင့်ပြုရန် ဒေသခံများ တောင်းဆို

တရားဝင်ဖွင့်လှစ်ခွင့်မရသေးပေမယ့် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်မှု ရှိလာနေပြီဖြစ်တဲ့ ကဗျာဝကမ်းခြေကို ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ မွန်ပြည်နယ်အတွင်းက စားသောက်ဆိုင်တွေကို အကန့်အသတ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေပေမယ့် ကဗျာဝကမ်းခြေကို ခရီးသွားတွေ လာရောက်လည်ပတ်မှုများလည်း ရှိလာနေပြီး ဝါတွင်းကာလ အခါကြီးရက်ကြီးတွေမှာ လည်ပတ်သူတွေ ထောင်နဲ့ချီပြီး ရှိလာနိုင်လို့ ခုလို တောင်းဆိုတာလို့ ကဗျာဝကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးမြတ်စိုးအောင်က ပြောပါတယ်။ “လက်ရှိအနေအထားက ကိုဗစ်ကာလ မပြီးဆုံးသေးပေမယ့် လာရောက်လည်ပတ်ကြသူတွေက တော်တော်များများ ရှိလာနေကြပါပြီ။ ခုလို တရားဝင်ဖွင့်ခွင့်မပြုပေမဲ့ လာရောက်လည်ပတ်မှုရှိနေလို့ မတားဆီးနိုင်ရင်တောင်မှ စိုးရိမ်ရတဲ့ အနေအထားမို့ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေအတိုင်း အသိပညာပေးမှုတွေ၊ စစ်ဆေးမှုတွေ၊ စနစ်တကျ ကြပ်မတ်ထိန်းသိမ်းမှုတွေနဲ့ ပြန်လည်ဖွင့်လှစ်ပေးဖို့ တောင်းဆိုပါတယ်။ ကမ်းခြေကို အမှီပြုနေကြတဲ့ ဒေသခံတွေရဲ့ စီးပွားရေးအခြေအနေကိုလည်း ထောက်ရှုပေးပြီးတော့ပါ” လို့ DVB ကို ပြောပါတယ်။ ကိုဗစ်ကာလအတွင်း ကဗျာဝကမ်းခြေမှာ ဈေးရောင်းချတဲ့သူတွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး သာမန်ဆိုင်တွေအနေနဲ့ သင့်တော်ရာ လုပ်ကိုင်စားသောက်ကြရတယ်လို့ ဈေးဆိုင်ပိုင်ရှင်တွေတဦးက ပြောပါတယ်။ “တတ်နိုင်ပြီးတော့ စုမိဆောင်းမိရှိသူတွေကတော့ အဆင်ပြေပေမယ့် သာမန်ဆိုင်ရှင်တွေ၊ ဆိုင်လေးတွေက စားသောက်ဖို့တောင် ခက်ခဲလို့ ကြုံရာအလုပ်လုပ်နေကြရတယ်။ ခုဆို ဝါတွင်းကာလ မိုးရာသီဆိုပေမယ့်လည်း မြို့နယ်အတွင်းနဲ့ နီးစပ်ရာမြို့တွေက လည်ပတ်သူတွေက ပြန်ပြီးတော့ အပန်းဖြေမှုတွေ ရှိလာနေကြလို့ စည်းကမ်းချက်တွေ ထုတ်ပြီးတော့ ပြန်လည်ဖွင့်လှစ်ပေးစေချင်ပါတယ်။ ဒီလိုဖွင့်လှစ်မှလည်း ခရီးသွားတွေက ပိုပြီးတော့ လာရောက်လည်ပတ်ကြမှာ။”  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအနေနဲ့ ထုတ်ပြန်ထားတဲ့အမိန့်၊ ပန်ကြားလွှာနဲ့ ညွှန်ကြားချက်တွေကို ဩဂုတ် ၁၅ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးထားပေမယ့် အခါကြီးရက်ကြီးတွေမှာ ဘုရားစေတီတွေနဲ့ အပန်းဖြေနေရာတွေမှာ ပုံမှန်နီးပါး ပြန်လည်သွားလာလည်ပတ်နေကြပါတယ်။ သတင်း - ဝင်းနိုင်သက်
11 months Ago

May 23, 2020

ကဗျာဝကမ်းခြေတွင် ရေဆင်းကူးရာမှ အမျိုးသား ၁ ဦး ရေနစ်သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကဗျာဝကမ်းခြေမှာ မေ ၂၂ ရက်နေ့ မနက်ပိုင်းက ရေဆင်းကူးရာက ပျောက်ဆုံးခဲ့တဲ့ အမျိုးသားတဦးကို ဒီနေ့မနက်ပိုင်း ကမ်းခြေနဲ့ ၃ မိုင်ခန့်အကွာ ရင်းဒိန်းချောင်းဝမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။‌ သေဆုံးသူအမျိုးသားဟာ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့မှာ နေထိုင်တဲ့ ဦးအောင်ကြည် ဆိုသူဖြစ်ပြီး မိတ်ဆွေတွေနဲ့အတူ လာရောက်ရေကူးရာက ပျောက်ဆုံးခဲ့တာပါ။ ခေါဇာမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က “ရေးမြို့နယ်မီးသတ်ဦးစီးဌာနနဲ့အတူ ဒေသခံတွေက မနေ့က တစ်နေ့လုံး ကယ်ဆယ်ရှာဖွေရေးတွေဆောင်ရွက်ခဲ့ကြပေမယ့် ဒီနေ့မှ သတင်းအရ ရင်းဒိန်းချောင်းဝမှာ ပြန်တွေ့တာပါ၊ ခု ရေးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ပြီးစစ်ဆေးမှု‌တွေ ဆောင်ရွက်ဖို့ရှိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကဗျာ၀ကျေးရွာဒေသခံ ကိုပိုင်က “မနက်စောလူတွေမရှိတဲ့အချိန်ကူးတယ်လို့ သိရတယ်။ ရေကျချိန်လည်းဖြစ်တယ်၊ ရေအမြဲဆွဲနေတဲ့ ကျောက်ဆောင်အနီးမှာ ကူးခဲ့တာ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကလည်း အဲ့နေရာ မိန်းကလေး ၂ ဦး မျောခဲ့ဖူးတယ်။ ဘောကွင်းပါတော့ အသက်မသေခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကိုဗစ်ကာလမတိုင်ခင်က ကဗျာဝကမ်းခြေကို အခါကြီးရက်ကြီးတွေနဲ့ ရုံးပိတ်ရက်တွေမှာ လူထောင်နဲ့ချီကာ လာရောက်လည်ပတ်လေ့ရှိပြီး လွန်ခဲ့သော ၃ နှစ်ခန့်က ကလေးတဦး ပျောက်ဆုံးခဲ့သလို အမျိုးသားတဦးလည်း ရေနစ်သေဆုံးခဲ့ဖူးတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလအတွင်း ကဗျာဝကမ်းခြေကို သွားရောက်လည်ပတ်မှု တားမြစ်ထားပေမယ့် ဒေသတွင်းနဲ့ ပြည်တွင်းခရီးသွားအချို့ လာရောက်လည်ပတ်မှု ရှိနေတယ်လို့ သိရပါတယ်။ ဝင်းနိုင်သက်
1 year Ago
Up