ကဗျာဆရာ တင်မိုး

January 26, 2021

ကဗျာလက်နက်အသွားထက်သူ ဆရာတင်မိုး

“ကဗျာတင်မိုးကဗျာလက်နက်”

တင်မိုးဆိုတာ၊ အပြုံးစာစာ

ကရုဏာနှင့်၊ ကြင်နာမျက်ဝန်း

လင်္ကာထွန်းလင်း၊ ညမှောင်တွင်းမှာ

အလင်းဖြာသို့၊ ဆရာရေးသား

ကဗျာများသည်၊ မြန်မာပြည်သား

အများအတွက်၊ လက်နက်ပါပင်

တိုက်ပွဲဝင်ရာ၊ စွဲကိုင်လာပြီ

အောင်ပွဲချီ၍၊ အောင်စည်ကိုရွမ်း

ပြည်တော်ဝင်ခန်းရောက်နေပါပြီဆရာခင်ဗျား ။ ။ 

မောင်တူး

(၂၂-၁-၂၀၂၁ ကဗျာဆရာကြီးတင်မိုး ကွယ်လွန် ၁၄ နှစ်မြောက်)

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ကဗျာဆရာကြီး တင်မိုး ကွယ်လွန်သွားခဲ့တာဆိုရင် ၁၄ နှစ်မြောက်ရှိပါပြီ။  သာမန်လူဆိုရင် လွယ်လွယ် မေ့ပျောက်နိုင်ကြပေမဲ့ သူ့ ကို မမေ့နိုင်စရာတွေက တောင်ပုံရာပုံလေ။ ဘယ်လို့မှ မမေ့နိုင်တာတွေက သူ့ရဲ့ ကဗျာ တွေပါ။ သူ့ကဗျာတွေက ကဗျာတွေ မဟုတ်တော့ လက်နက်တွေ ဖြစ်နေပြီ။ စစ်လက်နက်တော့မဟုတ်ပါ။ ဒါပေမဲ့ တော်လှန်တဲ့လက်နက်။ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲဝင်လက်နက်တွေပါ။ တနည်းအားဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးလက်နက်၊ စိတ်ဓာတ်လက်နက်၊ တင်မိုးရဲ့ ကဗျာ လက်နက်တွေပါ။ သူကွယ်လွန်ပြီး ၁၈ နှစ်မှာ သူ့ ကဗျာလက်နက်တိုက်ကြီးက သိုလှောင်ထားဆဲ။ ပြည်သူတွေ စွဲကိုင်ဆဲ။

တစ်ယောက်နဲ့ အများ

တစ်ယောက်က ဓားနဲ့မို့

အများက အရာမဝင်တာ

အာဏာရှင်စနစ်ပဲ။

ဒီအာဏာရှင်စနစ်ဆိုးကို

ငါရှိမခိုးနိုင်။ ။

တင်မိုး (သမိုင်းစာမျက်နှာက ဒဏ်ရာများ ကဗျာမှ...)

ဒီလို ရဲရဲတောက် ကဗျာ အပါအဝင် “အိမ်လည်ကြူးတဲ့သား” ကဗျာကြောင့် သူ့ကို အင်းစိန်ထောင် စစ်ခုံရုံးက ထောင် ၄ နှစ် ချ ခဲ့တယ်။ တရားသူကြီးက ကဗျာစာသားတချို့ရွတ်ပြပြီး ကဗျာဆရာတင်မိုးကို တော်လှန်တဲ့ ကဗျာတွေရေးလို့ ပုဒ်မ ၅ (ည) နဲ့ ထောင်ချခဲ့တယ်။ အာဏာရှင်ကိုကဗျာရေးပြီးတိုက်ပွဲဝင်ခဲ့တဲ့ ဆရာတင်မိုး။

တချိန်က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံသူဆိုရင် လိုက်လံချောင်းမြောင်း စာရင်းမှတ်ထားပြီး ခွင်ဝင်တဲ့အခါ ဖမ်းဆီးထောင်ချတဲ့ ခေတ် ရှိခဲ့ဖူးတယ်။ ဒီလို အန္တရာယ် ရန်မာန်စွယ်တွေ ကြားထဲက ဆရာတင်မိုးက ဒေါ်အောင်ဆန်းစုကြည် အတွက် ကဗျာတပုဒ် ရေးပြီး အိမ်တိုင်ရာရောက် သွားပေးခဲ့ဖူးတယ်။ ဒီကဗျာ အမည်က “ထာဝစဉ်” တဲ့။

သမီးတင်မိုး၊ အဖေ့မျိုးသည်၊ အကျိုးရှိစွာ၊ ဖကဗျာကို၊ ပြန်ကာရေးချ၊ ဘလော့ဂ်မှသည်၊ ကြေညာပြီဆို၊ ကျေးဇူးပိုလှ၊ မိုးချိုသင်း ခေါ်၊ သမီးကျော်က၊ ပြန်ဖော်ပြတာ၊ ထိုကဗျာလျှင်၊ “ထာဝစဉ်”ပါ၊ ဆရာတင်မိုး မျိုးဆက် စာရေးဆရာမ မိုးချိုသင်းက သူ့ရဲ့ ဘလော့ဂ် စာမျက်နှာမှာ အခုလို ရေးထားခဲ့ပါတယ်။

“ထာဝစဉ်”

မမြင်ရလည်း

သင်က ရဲဘော်ပင်။

မကြားရလည်း

အနားက ရဲဘော်ဟာ သင်။

မတွေ့ရလည်း

မနေ့က အတိုင်းပင်။

နေ့ရက်ကြာလည်း

သစ္စာ မပျက် အောက်မေ့လျက်နှင့်

တသက်သက်ပ

လွမ်းဆွတ်တ ကာ

ဘဝကို မြှုပ်

အလုပ်လုပ်သည်

ဝိမုတ္တိလမ်း ထာဝစဉ်။ ။

တင်မိုး

ဒီကဗျာလေးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျယ်ချုပ်ကျစဉ်ကာလတုန်းက အဖေ ရေးခဲ့တဲ့ ကဗျာလေးပါ။ ၁၉၉၅ ခုနှစ် လောက်ကလို့ ထင်ပါတယ်။ အဖေက အဲဒီကဗျာ ရေးဖြစ်တဲ့ အကြောင်းလေးကို စာပေဟောပြောပွဲတခုမှာ ပြောပြခဲ့ပါတယ်။ ဒေါ်စုကို မမြင်မတွေ့ရတာကြာလို့ မြင်ချင်တွေ့ချင်စိတ် အင်မတန်ပေါက်တယ်တဲ့။ ဒါပေမဲ့ သူ စိတ်ဖြေလိုက်ပါတယ်တဲ့။ မမြင်ရလည်း ကိစ္စ မရှိပါဘူး၊ မတွေ့ရလည်း ကိစ္စ မရှိပါဘူး တဲ့။ သူ့ကို သတိရ လွမ်းဆွတ်စိတ်နဲ့ သူဖြစ်စေချင်တဲ့ လွတ်မြောက်ရာ လမ်းကို အလုပ်လုပ်ရင်း စိတ်ဖြေလိုက်ပါတယ်ဆိုတဲ့ အကြောင်းပါ။ ဒီနေ့ခေတ်နဲ့ ကိုက်ညီတယ်ထင်လို့ အဖေ့ကို သတိရစိတ်နဲ့ ဖော်ပြလိုက်ပါတယ်။ အဖေ ဒီကဗျာလေးကို အဲဒီတုန်းက နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်သွားပေးခဲ့ပါတယ်။ အဖေနဲ့အတူ ကိုယ့်အမ မနှင်းနဲ့ ကိုယ်ပါ လိုက်သွားခဲ့တာမို့ ပန်းချီကားနဲ့ တွဲရက် ဒီကဗျာလေး ဖတ်ပြီး သူ ပြုံးနေခဲ့တာ ခုထိ မှတ်မိနေပါတယ်။ အခုအချိန်ထိ “မမြင်ရလည်း သင်က ရဲဘော်ပင်” လို့ ဆိုနေရတုန်းကိုတော့ တကယ်ပဲ ဝမ်းနည်းနေမိပါတယ်။

မိုးချိုသင်း

 “စစ်ခုံရုံး တရားစီရင်ချိန် ရဲရဲတောက် တင်မိုး စကား”

ကဗျာဆရာကြီးဦတင်မိုးကို စီရင်ချက် မချခင် နောက်ဆုံးဘာပြောချင်သလဲဆိုတော့ . . .

ကျုပ်နိုင်ငံတော်

ပျက်စီးရာပျက်စီးကြောင်း

ဘယ်တော့မှမလုပ်ဖူး။

နိုင်ငံတော်ကိုမဆန့်ကျင်ဘူး

စစ်အာဏာရှင်ကိုတော့

အမြဲဆန့်ကျင်တယ် လို့ပြောခဲ့တယ်။ ။ . . .တဲ့

တရားရုံးလည်းပြီးရော ဆွဲချရှေ့နေတွေက "အင်းစိန် တွဲဖက်တရားရုံးမှာ နိုင်ငံရေးသမား ကြီးငယ်များစွာ စစ်ဖူးပါတယ်။ ခု ဆရာ ပြောသလို စစ်ဖိနပ်အောက်မှာ တရားရုံးကို ရင်ဆိုင်ပြီး ရဲရဲတောက်ပြောတာ ကြားခဲ့တွေ့ရခဲ တာကြောင့်" လာ ဂါရဝပြု ပါတယ်လို့ ဆရာ့မိတ်ဆွေ တက္ကသိုလ် ဘာသာပြန်ဌာနဝန်ထမ်းတဦးက ပြောတာ ကြားရဖူးပါတယ်။

အခုအချိန်မှာ ၂ဝ၂ဝ ရွေးကောက်ပွဲကြီး နိုင်ပြီးလို့ လွှတ်တော်သစ်ခေါ်၊ အစိုးရအသစ်ဖွဲ့တော့မယ်။ ဆရာကြီး ဦးတင်မိုး ရှိနေသေးရင် ဘာများ ပြောမည်လဲ ။ လူထုအတွက် ဘာကဗျာတွေများ စပ်ဆိုမည်လဲ။ တွေးနေမိတယ်။ တမ်းတမိပါတယ်။ အမည်ရင်း ဦးဘဂျမ်း ဖြစ်တဲ့ တင်မိုးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာ ၁၉ မှာ မွေးပါတယ်။ သူရှိသေးရင် ၈၈ နှစ် ဖြစ်မှာပါ။ ဆရာဟာ ထောင် ၄ နှစ်ကျအပြီး ပြည်ပကို ထွက်သွားခဲ့တယ်။ ကမ္ဘာကိုပတ်၊ ကဗျာစပ်သော်၊ အလွန်ပျော်၍၊ စိတ်ချမ်းမြေ့ ဆိုသလို ကဗျာတွေ ရေးခဲ့မြဲပါပဲ။  

"ပုတီးသွယ်"

ရှုမဝနိုင်ဘု

စု အလှ နှမငယ်။

ဘယ်ဂုဏ်ကြောင့် လှပါလိမ့်

စွယ်စုံရ တို့ခေါင်းဆောင်

အလင်းရောင် လမ်းညွန်ပြ

လောက လူဝယ်။

ပညာက ကြွယ်ကြွယ်

ကြယ်ပါပေ့ စိတ်ထား။

အောင်ဆန်းဆို ဗိုလ်ချုပ်ရဲ့

ရင်အုပ်မကွာ ချစ်သမီး

လူထုရဲ့ ချစ်မငြီး

ပုတီးသွယ်ပါတကား။

တင်မိုး ဇွန်(၁၂) ၂၀၀၅ အမေရိကန်ဖလော်ဒီဒါ၊ရေကြည်အိုင်အရပ်

 ဆရာတင်မိုးဟာ အနေအေးတယ်။ စကားတိုးတိုးပြောတယ်။ နားဝင်အောင်ပြောတတ်တယ်။ ပြုံးနေတာများတယ်။ သူ့ မျက်နှာက မပြုံးရင် တည်နေတယ်။ ဒါဆိုရင် သူစဉ်းစားနေပြီ။ ကာရန်တွေနဲ့ စာသားအကြောင်းအရာတွေ တွေးပြီး စီနေပြီ။ အိုကေ ပြီဆိုရင် ဆေးလိပ်တိုကို တချက်ဖွာပြီး ချထားပြီး စာရေးစားပွဲရှိရာကို သွားရေးတော့တာပဲ။ ရေးလိုက်တဲ့ အကျိုးဆက်က မင်း ပြစ်မင်းဒဏ် ဆိုတာ မတွေးသူ။ ရေးပြီးရင်လည်း သူ့စာ သူ့ကဗျာတွေကို ကော်ပီကူးပြီး ဖြန့်ဝေခိုင်းသူ။ ဘယ်နေရာ ရောက်ရောက် သူ ကဗျာ ရေးပါတယ်။ ဟုတ်ပါတယ်။ အမှန်ပါပဲ။ ကျနော်ကိုယ်တွေ့ပါ။ တထိုင်တည်းနဲ့လည်း ကဗျာတပုဒ် ရေး ထုတ်သူပါ။ ၁၉၈၈ ကာလကဆို စစ်အစိုးရနဲ့ ငြိမှာကြောက်ပြီး ကဗျာတွေ မရေးရဲသူတချို့ ရှိခဲ့တယ်။ သူကတော့ ရဲရဲ ရေးခဲ့ပါ တယ်။ “အိမ်လည်ကြူးတဲ့သား” ကဗျာဟာ သူ့ခံစားချက်။ ပြည်သူ့ခံစားချက်။ ခွပ်ဒေါင်းကျောင်းသားထုရဲ့ ရင်ထဲက ဟာပေါ့။ ဆရာ တင်မိုး ထောင် ၄ နှစ်  ကျခဲ့ရတဲ့ကဗျာလေ။  

“အိမ်လည်ကြူးတဲ့သား”

ကာရန်ချိုမြ၊ သွေးစစွန်းနေတယ်

တယောကြိုးလည်း၊ တီးတိုးငိုကြွေးနေတယ်

ဂစ်တာတစ်လက်၊ အုတ်ခုံထက်မှာ

အသက် မရှိရှာတော့ဘူး။

အမေ့အိမ်နား၊ ဒီညများမှာ

စစ်သားဖိနပ်၊ တခွပ်ခွပ်နဲ့

ရပ်လို့စောင့်နေတယ်။

အိမ်လည်ကြူးတဲ့သား

မိုးစက်တွေကြားမှာ

ငှက်ဖျားမိနေရော့သလား။

အမေ့နားမှာ

“သား” ခေါ်သံများ၊ တီးတိုးကြားလျှင်

နားကိုလှည့်စား၊ ဒီညများ

ဘယ်သွားနေလဲ လူလေးရယ်။

သားတို့ကျောင်းက

ခွပ်ဒေါင်းလံကလေး

ရေမြောင်းဘေးမှာ

သွေးတွေစွန်းကွက်၊ ညနေဘက်က

ရပ်ကွက်ထဲကလူတွေ တွေ့ခဲ့သတဲ့။

အမေ့သား စကားတိုးတိုးပြောလှည့်ပါ။ ။

“တင်မိုး” ၁၉၈၈ ကာလအတွင်းရေးဖွဲ့သည်။ တင်မိုး ၈၀ ကဗျာစာအုပ်မှ

ဆရာတင်မိုးဟာ ကဗျာတွေရေးခဲ့လို့ ထောင်ကျရတဲ့ ကဗျာဆရာတွေထဲက တယောက်ပေါ့။ သူ့ကို စစ်ကြောရေးဝင်ချိန် သူ့ကိုစစ်ဆေး မေးမြန်းရသူက သူ့တပည့်တဲ့။  ဦးတင်မိုး ပြောပြတာက . . .

“ဟား. . . ခုံလေး တခုံချထားတယ်။ ပြီးတော့ ထိုင်ခိုင်းပြီး ရိုက်မလား။ စစ်မလားထင်တာ။ မဟုတ်ဘူးဟေ့။ ထုတ်ပြလာတာက ကဗျာဖိုင်တွဲတွေ။ ကိုယ်မှာ ကော်ပီကူးထားတာ မရှိတော့တဲ့ ကဗျာတွေပါ ပါတယ်။ အပြည့်အစုံ တခုမကျန်ပါပဲ။ တကယ်ဆို သူတို့ကမှ စာမူသိမ်းတဲ့ ဌာန လုပ်ရမှာ။ ပြီးတော့မေးတယ်။ နိုင်ငံတော် အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ ကဗျာတွေ ဘာလို့ ရေးသလဲတဲ့။ ပြန်ဖြေလိုက်တာက ငါ့စာတွေ ကဗျာတွေက ကျောင်းသင်ရိုးတွေမှာ ပြဋ္ဌာန်းထားတာပဲ လို့။ မကောင်းတဲ့ စာတွေဆိုရင် ကျောင်းတွေမှာ ဘာလို့ သင်နေကြသလဲပေါ့။ မင်းလဲ ငါ့စာတွေ သင်ခဲ့တဲ့ ကျောင်းသားပဲကွာ၊ မင်းသိလျက်သားနဲ့ မေးမနေသင့်ဘူးလို့ ပြောလိုက်တော့ ငါ့ကို စစ်ကြောတဲ့သူက ဘာမှပြန်မပြောပဲ အကြာကြီး ငိုင်နေတယ်ပေါ့။ “

ဒါက သူနဲ့တွေ့ချိန် ပြောပြခဲ့တာပါ။ ဆရာတင်မိုးဟာ ပြည်ပမှာ ၇ နှစ် ၈နှစ်လောက် နေခဲ့ချိန်အတွင်း ကဗျာတွေ အဆက်မပြတ် ရေးခဲ့ပါတယ်။ ဒီထဲက ကဗျာတပုဒ်ကတော့ “ပလ္လင်ပေါ်ကဆင်း” ဆိုတဲ့ ကဗျာပါ။ သူဟာ အာဏာရှင်အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီ တိုင်းပြည်ဖြစ်ဖို့ စိတ်စောခဲ့သူပါ။ ဖတ်ကြည့်ပါဦးဗျာ။

“ပလ္လင်ပေါ်ကဆင်း”

ဟိတ်  ခေတ်သူခိုးဒမြဆိုတဲ့

စစ်အစိုးရ

လက်နက်ချဟေ့  မင်းလက်နက်ချ။

တို့မှာက ချစရာလက်နက်ဆိုလို့

အပ်တိုတချောင်းမှမရှိ

နေသိလသိ ကမ္ဘာသိ။

မင်းက လက်နက်ခဲယမ်းတွေနဲ့

အမြဲတမ်း ပွဲကြမ်းနေတဲ့ကောင်။

မင်းယုံစားတဲ့ အင်အားက

လှံဓား လက်နက်

ရက်စက်မှုအပေါင်း  သရဖူဆောင်းနေတဲ့

အင်အား။

တို့လက်နက်က အမှန်တရား

လူထုရဲ့ခွန်အား

တို့ယုံစားတာ မေတ္တာအထုနဲ့

လွတ်လပ်မှု။

ကမ္ဘာ့တရားခွင်မှာ  မင်းနဲ့ပြိုင်ပြီးတင်ရဲတယ်

ပလ္လင်ပေါ်က ဆင်းစမ်းဟေ့။

တင်မိုး (တင်မိုး ၈၀ ကဗျာစာအုပ် စာ ၃၁-၃၂ မှ)

ကဗျာတွေ အများကြီးရေးခဲ့တဲ့ မြန်မာပြည်စာပေလောကမှာ ထင်ရှားတဲ့ ဆရာတင်မိုးဟာ အသက် ၆၅ နှစ်မှာ ပြည်ပထွက်ပြီး အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ကဗျာတွေ အများကြီး ရေးသွားခဲ့သူပါ။ စာတွေ ကဗျာတွေ အဆက်မပြတ် ရေးနေရင်းက မြန်မာလူထုတွေကို ဒီမိုကရေစီရေး တိုက်ပွဲဝင်ဖို့ အမြဲတပ်လှန့် နှိုးဆော်ခဲ့တဲ့ ဆရာတင်မိုးပါ။ သူဟာ ပြည်ပဝေးရပ်မြေမှာ တနေ့ တရက်မှ မနေလိုသူပါ။ ပြည်တော်သို့တမ်း၊ အမြဲလွမ်းလို့၊ အညာရပ်ကျေး၊ ပြန်ချင်သေးရဲ့ လို့ ခဏခဏ တသသ ပြောနေခဲ့ဟန် မြင်ယောင်မိ နေပါသေးတယ်။ ဒါပေမဲ့ သူ့ဆန္ဒ မပြည့်ခဲ့ပါ။ အမေရိကန်ပြည်မှာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ကွယ်လွန်ခဲ့ပြီ။ ဒီနေဆို ၁၄ နှစ်တောင်ကြာခဲ့ပြီ။ သူကွယ်လွန်တဲ့ ဒီနေ့ရက်မှာ သူ့ရဲ့ “သစ္စာစကား” ကဗျာလေးနဲ့ သစ္စာဆိုရင်း အဆုံးသတ်လိုက်ပါတယ်ဗျာ။ ။

"သစ္စာစကား"

ငါတို့နိုင်ငံ

မိုးသောက်ယံဖြစ်ပါစေ...။

ညအမှောင်ပျောက်၍

လရောက်တောက်ပါစေ...။

အမျက်အအီ အဆိပ်ပြေ၍

ချစ်နှစ်သက်ဖွယ်ဖြစ်ပါစေ...။

လမ်းဖုန်ဖုန်ဖွင့်၍

ပန်းအစုံစုံပွင့်ပါစေ...။

အကြောက်တရားကြောင့်

ချောက်ချောက်ချားချား

မှောက်မှောက်မှားမှားကင်းပ၍

အလင်းရပါစေ...။

အမှောက်အဖျက်

အနှောင့်အယှက်ဟူ၍မရှိ

ပကတိငြိမ်းချမ်း၍

စိမ်းလန်းသောနိုင်ငံတော်ကြီးဖြစ်ပါစေ...။

ဤစေတနာ မေတ္တာပွားသည့်

သစ္စာစကားကြောင့်

ကျောက်သားပမာ မြဲခိုင်သည့်

တို့နိုင်ငံကြီး ပေါ်ပေါက်ပါစေသတည်း ...။ ။ 

တင်မိုး 

(၂၂၊ ၄၊ ၂ဝဝဝ ခုနှစ်၊ တင်မိုး ၈၀ ကဗျာစာအုပ်မှ)

မောင်တူး

9 months Ago
Up