ဥရောပတိုက်ဟာ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ ဗဟိုချက် ဖြစ်လာပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက မတ် ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
WHO ရဲ့ အကြီးအကဲ ဒေါက်တာတတ်ဒရိုစ်ဂတ်ဘရီအီးဆပ်က နိုင်ငံတွေအနေနဲ့ တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေ အသုံးပြုပြီး အသက်တွေ ကယ်တင်ကြဖို့ တိုက်တွန်းပါတယ်။
အခုလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲရဲ့ မှတ်ချက်ဟာ မတ် ၁၃ ရက် တရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီးနောက် ထွက်ပေါ်လာတာပါ။
ဥရောပနိုင်ငံတွေထဲမှာ အီတလီပြီးတဲ့နောက် ဒုတိယအဆိုးဆုံးက စပိန်ဖြစ်ကာ သောကြာနေ့က သေဆုံးသူ ၁၂၀ ရှိခဲ့လို့၊ လူသေဆုံးမှုနှုန်းက ၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ကူးစက်ခံရသူစုစုပေါင်းကလည်း ၅၂၃၂ ယောက် ရှိသွားပါပြီ။
စပိန်၊ အီတလီတို့လိုပဲ ပြင်သစ်မှာလည်း ကူးစက်ခံရသူ ၃၆၆၁ ယောက် ရှိနေပြီး သေဆုံးသူက ၇၉ ဦးရှိပါပြီ။
ဂျာမနီမှာလည်း ၃၆၇၅ ယောက် ကူးစက်ခံထားရပြီး ၈ ဦးသေဆုံးကာ ဗြိတိန်မှာတော့ ကူးစက်ခံရသူ ၇၉၈ ဦးနဲ့ သေဆုံးသူ ၁၁ ဦးရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာတဝန်းနိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ မတ်လ ၁၄ ရက် မနက် ၁၀ နာရီအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူပေါင်း ၁၄၅၆၃၁ ယောက်၊ သေဆုံးသူ ၅၄၂၃ ယောက်နဲ့ ပြန်ကောင်းလာသူ ၇၁၁၆၉ ယောက် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
12 months Ago