ကပ်ရောဂါဘေး

April 14, 2020

နယူးယောက်ပြည်နယ်၌ ကပ်ရောဂါဘေး အဆိုးဆုံးကာလ ပြီးဆုံးသွားပြီဟု အုပ်ချုပ်ရေးမှူး ပြော

နယူးယောက်ပြည်နယ်အနေနဲ့ ကိုရိုနာရောဂါကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့ အဆိုးဆုံးကာလ ပြီးဆုံးသွားပြီလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကိုမိုက ဧပြီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။  ဆေးရုံတက်သူ အရေအတွက် ကျဆင်းပုံပေါ်ပြီး သေဆုံးသူ အရေအတွက်ကလည်း ၆၇၁ ယောက်နဲ့ သီတင်းတပတ်အတွင်း အနိမ့်ဆုံးကို ရောက်ခဲ့ပါတယ်။ နယူးဂျာစီ၊ ကွန်နက်တီကပ် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့နဲ့ အနီးကပ် လက်တွဲလုပ်ဆောင်နေတဲ့  နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးက လုပ်ငန်းတွေ၊ ကျောင်းတွေ ပြန်ဖွင့်ရေးနဲ့ပတ်သက်လို့ ပေါင်းစပ်ညှိနှိုင်းထားတဲ့ ဒေသတွင်း အစီအစဉ်ကို ဧပြီလ ၁၃ ရက် နှောင်းပိုင်းမှာ ကြေညာသွားမယ်လို့လည်း ပြောပါတယ်။ လူတွေအနေနဲ့ အမှားအယွင်းလုပ်ပြီး ကန့်သတ်ချက်တွေကို အမြန်ဖြေလျှော့မယ်ဆိုရင် တဦးနဲ့ တဦး ခပ်ခွာခွာနေလို့ရထားတဲ့  အောင်မြင်မှုတွေ သဲထဲရေသွန် ဖြစ်နိုင်တယ်ဆိုပြီးလည်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကူမိုက သတိပေးထားပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မဖြစ်ခဲ့တဲ့  နယူးယောက်ပြည်နယ်မှာ သေဆုံးသူ ၁၀,၀၅၆ ယောက်ရှိပြီး တနိုင်ငံလုံး သေဆုံးသူရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။  လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၈၀,၀၀၀ ကျော်၊  သေဆုံးသူ ၂၃,၀၀၀ ကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်ခံရသူရော သေဆုံးသူပါ အများဆုံး ဖြစ်နေပါတယ်။
1 year Ago

March 15, 2020

ကိုရိုနာကပ်ရောဂါဘေး သက်သာစေရန် သီရိလင်္ကာဘုန်းတော်ကြီး အပါး ၅၀၀ ခန့် ပရိတ်ရွတ်

သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက လွတ်လပ်ရေးရင်ပြင်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အပါး ၅၀၀ လောက်ဟာ မတ် ၁၄ ရက်က စုရုံးခဲ့ကြပြီး ပရိတ်တော်တွေကို ရွတ်ဖတ်ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ဘေးကြားမှာ စိတ်ပိုင်းဆိုင်ရာ သက်သာမှုရစေဖို့ ရည်စူး ရွတ်ဖတ်ခဲ့ကြတာပါ။ ဗုဒ္ဓဘာသာဝင် လူများစုဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ ဒီဘာသာရေး အခမ်းအနားကို ရုပ်မြင်သံကြားနဲ့ ရေဒီယိုလိုင်း အများစုက တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြပါတယ်။ ပြည်သူတွေက ဘုန်းကြီးကျောင်းတွေကို သွားကြမယ့်အစား အိမ်ကနေ တရားနာကြဖို့ကိုလည်း အကြံပြုခဲ့ပါတယ်။ နိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၆ ထောင်နီးပါးကလည်း အလားတူ ပရိတ်ရွတ်ပွဲတွေ ကျင်းပကြပါတယ်။ ကက်သလစ် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေကလည်း သီတင်းပတ် နှစ်ပတ် အနည်းဆုံး ထားပြီး လူထုဝတ်ပြုပွဲတွေကို ဖျက်သိမ်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ အစိုးရကလည်း လူတွေစုဝေးတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားပါတယ်။ အားကစားပွဲစဉ် အားလုံးကို ဖျက်သိမ်းထားပြီး ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ သုံးရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၀ ယောက် ရှိတယ်လို့ အတည်ပြုထားပြီး လူ ၁၀၀ လောက်ကိုတော့ သံသယလူနာအဖြစ် စောင့်ကြည့်နေပါတယ်။
1 year Ago
Up