ကပ်ရောဂါ

September 22, 2021

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုအများဆုံး ကပ်ရောဂါ ဖြစ်လာ

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၂၁ ရက်နေ့ စာရင်းအရ လူပေါင်း ၆၇၈,၀၀၀ ကျော်သွားပြီဖြစ်လို့ အမေရိကန် သမိုင်းမှာ ကိုဗစ်-၁၉ ကြောင့် လူသေဆုံးမှုအများဆုံး ကပ်ရောဂါ ဖြစ်လာပါတယ်။

အမေရိကန်မှာ ၁၉၁၈ ခုနှစ်က ကြုံတွေ့ခဲ့ရတဲ့ စပိန်တုပ်ကွေးကပ်ရောဂါကြောင့် သေဆုံးသူဦးရေကို ကျော်တက်သွားတာလည်း ဖြစ်ပါတယ်။

၁၉၁၈ ကနေ ၁၉၂၀ အတွင်း စပိန်တုပ်ကွေးကပ်ရောဂါ ကူးစက်လို့ အမေရိကန်နိုင်ငံအတွင်း သေဆုံးသူ ဦးရေဟာ ၆၇၅,၀၀၀ လောက်သာ ရှိခဲ့တာလို့ ရောဂါထိန်းချုပ်ဟန့်တားရေးဌာန  CDC က ဆိုပါတယ်။

စပိန်တုပ်ကွေးကပ်ရောဂါဟာ ၂၀ ရာစုအတွင်း လူသေဆုံးမှု အများဆုံး ကပ်ဘေး ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံ ဖြစ်တဲ့ လူဦးရေ သန်း ၅၀၀ လောက် စပိန်တုပ်ကွေး ကူးစက်ခံခဲ့ရဖူးပြီး ကမ္ဘာတလွှား ကူးစက်ခံ သေဆုံးသူ ဦးရေ သန်း ၅၀ ထက်မနည်းဘူးလို့ CDC က ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်က ဒေသစံတော်ချိန် ည ၁၁ နာရီမှာ အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ ၆၇၈,၄၀၅ ရှိခဲ့ပြီလို့ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က ခြေရာကောက်ထားတဲ့ စာရင်းအင်းတွေက ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွင်း ကာကွယ်ဆေးမထိုးရသေးတဲ့ လူတွေအကြား ဒယ်လ်တာဗီဇမျိုးကွဲ ကူးစက်ခံရလို့ ကိုဗစ်-၁၉ ကူးစက် သေဆုံးမှုတွေဟာ ဇွန်လကစပြီး တဟုန်ထိုး မြင့်တက်လာပါတယ်။

4 weeks Ago

January 21, 2021

ဆီးရီးယား-တူရကီနယ်စပ် ဒုက္ခသည်များ ကပ်ရောဂါနှင့် အအေးဒဏ်ခံစားနေရ 

ဆီးရီးယား-တူရကီနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့  လွန်ကဲတဲ့ အအေးဒဏ်ကြားမှာ အခက်တွေ့နေပါတယ်။  ဒုက္ခသည်တွေအဖို့ နောက်ထပ် ကြမ်းတမ်းလှတဲ့ ဆောင်းရာသီကို ရင်ဆိုင်ရဖို့ ရှိပြီး ကလေးငယ်တွေဟာ ရွက်ဖျက်တဲ ဝန်းကျင်က ရွှံ့ဗွက်ထနေတဲ့ လမ်းတွေပေါ်မှာ ဖိနပ်မပါဘဲ သွားလာနေပါတယ်။   "ရွက်ဖျင်တဲတွေက ရေ စိမ့်နေပြီး အစိုဓာတ်ကြောင့် ကလေးတွေအဖို့ အန္တရာယ်ရှိတယ်"လို့  ခါလစ်ဆိုတဲ့ ဒုက္ခသည်က ပြောပါတယ်။  ဒါ့အပြင် သူရဲ့ မိခင် ၊ အစ်ကို နဲ့ အစ်မတို့ဟာ ကိုဗစ်ကူးစက်ခံထားရပြီး  ရွက်ဖျင်တဲ တစ်ခုမှာ သီးခြားခွဲနေထိုင်တယ်လို့ သူက ပြောပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မိုးကြီးရေလျှံလို့  ဒုက္ခသည်တွေနေတဲ့ တဲတွေ ပျက်စီးခဲ့ပြီး တချို့ ဒုက္ခသည်တွေက သူတို့ တဲထဲမှာ ဝင်ခိုခဲ့တယ်လို့ သူက ဆိုပါတယ်။  အေးလွန်းလှတဲ့ အခြေအနေကြောင့်  သူတို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမယ့် အန္တရာယ် များနေတယ်လို့ ခါလစ်က ပြောပြပါတယ်။  ဇန်နဝါရီ ၂၀ ရက်က အသစ်ကူးစက်သူ ၁၁  ယောက်နဲ့  စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၂၀,၀၀၀ ကျော် ၊ သေဆုံးသူ ၃၇၉ ယောက် ရှိတယ်လို့ ဆီးရီးယားမြောက်ပိုင်း ကြားဖြတ်အစိုးရက ထုတ်ပြန်ပါတယ်။ 
9 months Ago
More News
Up