ကပ်ဘေးမှာဆိုက်တဲ့အငတ်ဘေး

August 23, 2021

ကပ်ဘေးမှာဆိုက်တဲ့အငတ်ဘေး

ရွာလိုက်တိတ်လိုက်ဖြစ်နေတဲ့မိုးကြောင့် တကိုယ်လုံးရွဲနစ်နေပြီး တဆတ်ဆတ်တုန်နေတာကိုတောင် မအေးသန်းတယောက် အရေးမစိုက်အားဘဲ ရန်ကုန်မြို့စွန်ကအမှိုက်ပုံကြားမှာ အလုပ်များနေပါတယ်။

ဒီအိမ်ခြေယာမဲ့အမျိုးသမီးဟာ ယင်တလောင်းလောင်းနဲ့ပုတ်နံ့လှိုင်လှိုင်ထွက်နေတဲ့ အမှိုက်ပုံကြားသူစားလို့ရတာ တခုခုများ ရှိလေမလားဆိုပြီးရှာဖွေနေတာဖြစ်ပါတယ်။

အချိန်အနည်းငယ်ကြာတော့ ခေါက်ဆွဲဖတ်လေးတွေထွက်ကျနေတဲ့ဖော့ဘူးကို ရှာတွေ့ခဲ့ပြီး အစာကိုလုဖို့ကြိုးစားနေတဲ့ အမှိုက်ပုံနားကခွေးတသိုက်ကိုမာန်မဲရင်း မနီးမဝေးက ကွမ်းယာဆိုင်ခုံလေးဆီ ပြေးထွက်သွားပါတယ်။

ဆိုင်ခုံပေါ် ရောက်တော့ ဖော့ဘူးကိုဖွင့်၊ မိုးရေနဲ့အမှိုက်ဖတ်တွေကိုဖယ်ပြီး သူ့ရဲ့သားငယ်နဲ့အတူ အမှိုက်ပုံထဲကရလာတဲ့ ခေါက်ဆွဲကို ဗိုက်ဝဖို့အတွက်စားပါတော့တယ်။

ကလေးတယောက်နဲ့ နေဖို့၊စားဖို့မတတ်နိုင်တာကြောင့် သူများစွန့်ပစ်ထားတဲ့ အမှိုက်ပုံကနေ ရှာဖွေစားသောက်နေရတဲ့ အိမ်ခြေယာမဲ့လည်းဖြစ်တာကြောင့် လမ်းဘေးမှာကြုံသလို နေထိုင်စားသောက် နေရသူပါ။

“ထမင်းရယ်လို့ သေချာမစားရတာ ငါးလလောက်တောင်ရှိတော့မလားဘဲ” လို့ အသက် ၂၁ နှစ်အရွယ်၊ ကလေးတယောက် မိခင်၊ အိမ်ခြေယာမဲ့ အမျိုးသမီးမအေးသန်း ကပြောပါတယ်။

နေစရာအိမ်မရှိ၊ ပုံမှန်ဝင်ငွေရတဲ့အလုပ်လည်းမရှိတဲ့ မအေးသန်းတို့လို ခြေသလုံးအိမ်တိုင် အိမ်ခြေယာမဲ့တွေဟာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တဲ့ ကိုဗစ်ကပ်ဘေးကြားမှာ အတော်လေးဒုက္ခများကြရရှာပါတယ်။ ဒီကြားထဲမှာမှ အာဏာပါ သိမ်းလိုက်တာကြောင့် ဝင်ငွေနဲ့လူနေမှုအဆင့်အတန်း အောက်ဆုံးအဆင့်မှာရှိကြတဲ့ သူတို့လိုအိမ်ခြေယာမဲ့တွေအနေနဲ့ ကူကယ်ရာမဲ့ပြီး စားသောက်နေထိုင်ဖို့ ပိုခက်ခဲလာတာဖြစ်တယ်။

ဗိုက်ဝဖို့အတွက် အမှိုက်ပုံဆီပြေးရတဲ့ မအေးသန်းဟာ အရင်ကတော့ ရပ်ကွက်တွေထဲမှာ ကလေးကစားစရာ ပန်ကာလေးတွေ လှည့်လည်ရောင်းတဲ့အလုပ်ရှိခဲ့ပါတယ်။ အဲ့ဒီကနေပုံမှန်ဝင်ငွေရှိနေတာမို့ နေဖို့စားဖို့အတွက် အခုလောက်အထိ အခြေအနေ မဆိုးခဲ့ပါဘူးလို့ သူကဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါစတင်တဲ့အချိန်ကစလို့ သူ့ပန်ကာတွေကို ဘယ်သူမှဝယ်ဖို့ စိတ်မဝင်စားကြတော့ပါဘူး။

ပုံမှန်ဝင်ငွေမရှိတော့တဲ့နောက် မအေးသန်းဟာ အိမ်ခြေယာမဲ့ဖြစ်ဖို့အကြောင်းဖန်လာပါတော့တယ်။

မအေးသန်းဟာဆိုရင် မန္တလေးတိုင်း ကျောက်ပန်းတောင်းဇာတိဖြစ်ပေမယ့် ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်က သူ့ချစ်သူနဲ့ ခိုးရာလိုက်ခဲ့ပြီးတဲ့နောက်မှာ အမွေပြတ်စွန့်ပစ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူက သူကိုယ်ဝန်သုံးလကတည်းက သူ့ကိုစွန့်ပစ်သွားတာကြောင့် လုပ်နိုင်မယ့်အလုပ်တွေရှာဖွေလုပ်ကိုင်ရင်း ကလေးမွေးနိုင်ခဲ့ပေမယ့် အိမ်လခမပေးနိုင်လိုဆိုပြီး ဆေးရုံကဆင်းလာတဲ့နေ့မှာဘဲ အိမ်ပေါ်ကမောင်းချတာခံခဲ့ရတယ်လို့ဆိုပါတယ်။

အခုအချိန်မှာ မိဘနှစ်ပါးလုံးဟာလည်း ဆုံးပါးသွားတာကြောင့် သူ့အနေနဲ့ ရွာပြန်ဖို့လည်း မဖြစ်နိုင်တော့ဘူးလို့ မအေးသန်းက ပြောပါတယ်။ ကလေးတဖက်၊ အထုတ်တထုတ်နဲ့ ဝင်ငွေကလည်းမရှိတဲ့အတွက် ဘယ်သွားပြီးဘာလုပ်ရမှန်းမသိတော့တဲ့ ခြေဦးတည်ရာသွားရင်း ပိတ်ထားတဲ့စက်ရုံနဲ့မြောင်းကြားက ခြုံနွယ်ပင်တွေကြားမှာ မလုံတလုံပလတ်စတစ် မိုးကာလေးဆွဲကာ နေထိုင်တဲ့အိမ်ခြေယာမဲ့ ဖြစ်သွားရပါတယ်။

မအေးသန်းကတော့ သူလမ်းဘေးစရောက်သွားကတည်းက ငွေတသောင်းပြည့်အောင်တောင် တခါမှမကိုင်နိုင်ခဲ့တော့သလို ငါးရာတောင် လက်ထဲမရှိတဲ့ရက်တွေက ခပ်များများလို့ဆိုပါတယ်။

“အလှူရှင်တွေရှိရင်တော့စားဖို့ရတယ်။ အလှူကလည်းအမြဲရှိမနေတော့ ဘာမှရှာလို့ဖွေလို့မရရင် ဒီအမှိုက်ပုံပဲ လာရတော့တာပဲ” လို့ နွမ်းရော်ညစ်ထေးနေတဲ့ အဝါရောင်အင်္ကျီနဲ့ ဘာအရောင်မှန်းတောင်မသိနိုင်တော့တဲ့ ထဘီစုတ်ကို ဝတ်ဆင်ထားတဲ့ သူကပြောပါတယ်။

အိမ်ခြေယာမဲ့တွေဟာ ကျူးကျော်ရပ်ကွက်ကလူတွေလို နေရာအတည်တကျ မရှိတာကြောင့် လှူချင်တဲ့သူ ရှိရင်တောင် သူတို့ကိုဆက်သွယ်ဖို့ကခက်ခဲလှပါတယ်။ ကျူးကျော်တွေကို လာလှူသလိုလှူမယ့်သူလည်းမရှိတာကြောင့် လမ်းမှာလှူတာနဲ့ ကြုံမှစားရသောက်ရမယ့် ဘဝတွေဖြစ်တယ်။ သူတို့လိုအိမ်ခြေယာမဲ့တွေအတွက်ကတော့ ငွေကြေးလိုတော့ အများအားဖြင့် အလှူရှင်တွေပေးတဲ့ ဆန်၊ဆီ၊ဆားစတာတွေကို ရတဲ့ဈေးနဲ့ ပြန်ရောင်းကြတာ များပါတယ်။

မအေးသန်းလိုပဲ အမှိုက်ပုံကိုမှီခိုရင်း ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ အိမ်ခြေယာမဲ့ မရင်လှဟာလည်း ကပ်ရောဂါနဲ့ နိုင်ငံရေးပြဿနာတွေကြားထဲမှာ ဝင်ငွေမရှိတဲ့ဘဝမှာရုန်းကန်ရှင်သန်နေရသူဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ အမှိုက်ပုံကို မှီခိုစားသောက်ရတာ၊ လမ်းဘေးနေရတယ်ဆိုပေမယ့် အဆင်ပြေပြေနေရတယ်လို့ မရှိကြပါဘူး။ အမှိုက်ပုံကျတော့လည်း စည်ပင်အမှိုက်သိမ်းသမားတွေရဲ့ မထင်ရင်မထင်သလို မောင်းထုတ်တာ၊ ဆဲဆိုတာတွေလည်း မကြာခဏခံရပါသေးတယ်။

မရင်လှဟာ ယခင်ကဘုရားပွဲတွေမှာ အလှကုန်ပစ္စည်းတွေကို မဲလိပ်နဲ့ရောင်းတဲ့ အလုပ်ကိုလုပ်ပြီးသူ့အမျိုးသားက ဆိုင်ကယ်ကယ်ရီဆွဲတဲ့အတွက် သူတို့မိသားစုလေးယောက် နေထိုင်စားသောက်ဖို့ဖူလုံခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူ့အမျိုးသားဟာ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ရသလို ကိုဗစ်ကြောင့်ဘုရားပွဲတွေလည်း မလုပ်ဖြစ်တာ နှစ်နဲ့ချီနေပြီဖြစ်တဲ့အတွက် သူ့မှာလည်းဝင်ငွေမရှိတဲ့အတွက် အခက်ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

ယခင်က မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်ကနေစလို့ ပြာသိုလအထိ ဘုရားပွဲတွေ၊ စာပေဟောပြောပွဲတွေ အမြောက်အများရှိတာကြောင့် မရင်လှတို့အလုပ်က ဒီလိုကာလေ တွဟာ ငွေရွင်တဲ့လလို့တောင် ပြောလို့ရပါတယ်။ အခုတော့ အရာရာဟာလအနည်းငယ်အတွင်း ပြောင်းလဲသွားခဲ့ရပါပြီ။

“ဒီလိုခြေသလုံးအိမ်တိုင်ဘဝရောက်မယ်လို့ စဉ်းတောင် မစဉ်းမိခဲ့ဖူးဘူး”

“အရင်ကတော့ ကျူးကျော်မှာငှားနေတာ။ အဲဒီကနေထွက်လာရတော့ လမ်းဘေးမှာအဖီဆွဲနေရတယ်။ ခြောက်လလောက်ကြာတော့ လမ်းလူကြီးကမနေရဘူး။ ဖယ်ဆိုလို့ လှိုင်သာယာထိန်ပင်သချိုင်း နားမှာရောက်သွားတယ်။ အဲဒီနားက အမှိုက်ပုံကစားစရာရနေလို့သာ အခုထိအသက်ရှင်နိုင်တာပေါ့” လို့ မရင်လှက ပြောပါတယ်။

ကိုဗစ်က သုံးကြိမ်တိုင်တိုင်နှိပ်စက်တဲ့ကြားက စစ်အာဏာသိမ်းလိုက်တော့ သူတို့အလုပ်တွေဟာ ပြန်စဖို့ လမ်းမမြင်တော့တဲ့ အချိန်မှာ မရင်လှဟာ သူ့ကလေးနှစ်ယောက်မငတ်ဖို့အတွက် ရရာအလုပ်လုပ်ဖို့ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။ ကုန်စိမ်းလက်ကားရောင်းတဲ့ သီရိမင်္ဂလာဈေးဆီကို သူနေထိုင်တဲ့ ရန်ကုန်မြို့အစွန်ထန်းတပင်ကနေ သုံးနာရီနီးပါးကြာအောင် လမ်းလျှောက်ပြီးသုံးလတိုင်တိုင် နေ့တိုင်းအလုပ်ရှာထွက်ပေမယ့် အလုပ်မရခဲ့ဘူးလို့လည်း သူကပြောပါတယ်။

ကိုဗစ်ကြောင့်ဘုရားပွဲမလုပ်နိုင်တာ နှစ်နဲ့ချီပြီဖြစ်တဲ့အတွက် ပွဲဈေးတွေကို မှီခိုစားသောက်နေရတဲ့ နိုင်ငံအနှံ့က ပွဲဈေးသည်တွေဟာ မရင်လှလိုဘဲ လပိုင်းအတွင်းမှာ စာစရာမရှိလောက်တဲ့အထိဖြစ်ခဲ့ရပါတယ်။ စစ်ကိုင်းတိုင်း ဆားတောင်မြို့လေးမှာ ဆိုရင်လည်း ပွဲတကာလှည့် ဗူပေါင်းရောင်းတဲ့အလုပ်ကိုပဲ လုပ်ကိုင်နေကြသူတွေဟာ ပွဲလမ်းသဘင်တွေ မရှိတော့တဲ့အတွက် ဈေးသွားမရောင်းနိုင်တော့ ဝင်ငွေမရှိ၊ စားစရာမရှိ ဖြစ်နေကြတဲ့ မိသားစု လေး၊ ငါးစုလောက် ရှိတယ်လို့ ဒေသခံမသူဇာက အသိပေးပါတယ်။

“အခုသူတို့အဆင်မပြေကြလို့ ဆားတောင်သင်္ချိုင်းဘေးက စည်ပင်အမှိုက်ပုံမှာ ဈေးကျပစ်ထားတဲ့ အသီးအရွက် တွေကို ကောက်ချက်စားနေရတဲ့ မိသားစုလေးတွေရှိတယ်။ သူတို့ကလေးတွေအတွက် ကျမစိတ်ပူမိတယ်။ မရှိတဲ့ကြားက ကျမမှာရှိတဲ့ဆန်လေးတွေတော့ သွားလှူလိုက်တယ်” လို့ မသူဇာကပြောပါတယ်။

ကုလသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်ရမယ့် လူဦးရေဟာ သိန်းနဲ့ချီပြီးတိုးလာမယ်လို့ ခန်းမှန်းထားပါတယ်။ WFPရဲ့အဆိုအရ ဖေဖော်ဝါရီမတိုင်မီ မြန်မာမှာ ငတ်မွတ်ခေါင်းပါးမှု လူဦးရေက (၂.၈) သန်းထိရှိနေပြီး လာမယ့်ခြောက်လအတွင်း နှစ်ဆမှ (၆.၂) သန်းအထိရှိနိုင်ပါတယ်လို့ သြဂုတ်လ ၆ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

ဒါ့အပြင် ဖေဖေါ်ရီလမှစလို့ နောက်ဆက်တွဲ စစ်တမ်းကိုဆက်လက်စောင့်ကြည့်ရာမှာ မိသားစုအတွင်း အခြေခံစားဝတ်နေ ရေးအတွက်(အစားအစားများ ) ရရှိဖို့ခက်ခဲရုန်းကန်နေကြပြီး တစ်နေ့တစ်နေ့ ဆင်းရဲမူတွင်းသို့တွန်းပို့ခံနေရတဲ့ မိသားစု ပိုမိုများပြားလာနေတယ်လို့ တင်ပြထားပါတယ်။

ယခင်NLD အစိုးရတုန်းကတော့ ကိုဗစ်ကာလမှာအထိနာခဲ့တဲ့ အောက်ခြေလူထုကို ငွေကြေး၊ရိက္ခာကအစ ထောက်ပံ့ပေးသလို အလှူရှင်တွေကလည်း ပံ့ပိုးကူညီမှုတွေ များပြားတာကြောင့် ကိုဗစ်ကိုလည်း စနစ်တကျ ထိန်းလိုက်နိုင်သလို အိမ်ခြေယာမဲ့တွေလည်း အနည်းငယ် အသက်ရှုချောင်ခဲ့ကြတယ်။

လက်ရှိ စစ်အုပ်ချုပ်မှုအောက်မှာတော့ ကိုဗစ်ကူးစက်ဖြစ်ပွားနှုန်းကလည်းမြင့်တက်၊ အခြေခံစားသောက်ကုန် ဈေးတွေကလည်းတက်၊ အလှူရှင်တွေ၊ လူမူကူညီရေးအဖွဲ့တွေကလည်း ယခင်လိုမကူညီနိုင်ကြတဲ့အတွက် အောက်ခြေလူတန်းစားတွေဟာ အထိနာခဲ့ပါတယ်။

အလှူရှင်တွေရှိလာလို့ စားဝတ်နေရေးပြေလည်လာခဲ့ရင်တောင် အိမ်ခြေမဲ့တွေအတွက် ကျန်းမာရေးပြဿနာလိုမျိုး ရင်ဆိုင်ရမှာတွေရှိနေဆဲဖြစ်ပါတယ်။ အရင်ကဆိုအခမဲ့ကုပေးတဲ့ ဒေသန္တရဆေးခန်းတွေကို အားကိုးနေရသူတွေဟာ အခုအချိန်မှာ ကျန်းမာရေး အရေးပေါ်ဖြစ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာ အဖြေမရှိသေးပါဘူး။

ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်တဲ့နိုင်ငံရေးနဲ့ စီးပွားရေး၊ကျန်းမာရေး ပြဿနာတွေကြားမှာတော့ လူအချို့ဟာ သာမန်ဘဝကနေ အိမ်ခြေယာမဲ့အဖြစ်ကိုရောက်သွားခဲ့ကြရပါတယ်။ အခြေအနေတွေက နောက်ထပ်ဆိုးလာရင် အိမ်ခြေယာမဲ့တွေ ဘယ်လိုဖြစ်လာမလဲ ဆိုတဲ့မေးခွန်းကိုတော့ မအေးသန်းကအခုလိုအဖြေပေးပါတယ်။

“ရေရှည်မှာဒီထက်ဆိုးလာမယ်ဆိုရင် ငတ်လို့သေရတဲ့မသာတွေ ရှိလာမှာပေါ့”

ရှင်ငြိမ်း

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

3 months Ago
Up