ကပ်ဘေးတပ်လှန့်

May 16, 2021

ထိုင်ပေတွင် ကိုဗစ်ကူးစက်မှုအသစ်အယောက် ၁၈၀ ထပ်တွေ့၊ ကပ်ဘေးတပ်လှန့်မှု အဆင့်မြှင့်

ထိုင်ဝမ်ကျွန်းရဲ့မြို့တော် ထိုင်ပေနဲ့ ပတ်ဝန်းကျင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တပ်လှန့်ချက်ကို မေ ၁၅ ရက်က စပြီး အဆင့်မြှင့်တင်လိုက်ပါတယ်။

 ပြည်တွင်းကူးစက်မှုအသစ် အယောက် ၁၈၀ ကို တွေ့အပြီး ကူးစက်မှု ထိန်းချုပ်ဖို့ လူစုလူဝေးတွေကို ကန့်သတ်ခဲ့တာပါ။ 

အခမ်းအနားကျင်းပရာနေရာ အများအပြားကိုလည်း ပိတ်ထားခဲ့တဲ့အပြင် စည်းမျဉ်းသစ်က စားသောက်ဆိုင်တွေ၊ ကျောင်းတွေနဲ့ ရုံးတွေကိုတော့ ပိတ်ဖို့ မရည်ရွယ်ပေမဲ့ ရုပ်ရှင်ရုံတွေနဲ့ တခြား ဖျော်ဖြေရေး ကဏ္ဍတွေကိုတော့ ပိတ်ခဲ့ပါတယ်။

 ဆက်လက်ပြီး အခန်းတွင်းမှာ လူငါးယောက်နဲ့ လေဟာပြင်မှာ လူဆယ်ယောက်ထက် ပိုပြီး စုရုံးတာကိုလည်း တားမြစ်ပိတ်ပင် ထားပါတယ်။

 ကပ်ဘေးအတွင်း စားနပ်ရိက္ခာတွေ သိုလှောင်ဖို့ ကုန်စုံဆိုင်တွေနဲ့ စူပါမားကတ်တွေဆီ လူတွေစုပြုံပြီး ဈေးလာဝယ်ခဲ့ကြတာပါ။

 ကပ်ဘေးစတည်းက ခုထိ လူဦးရေ ၂၄ သန်း ရှိတဲ့ ထိုင်ဝမ်မှာ ကူးစက်ခံ အယောက် ၁၅၀၀ အောက်သာ ရှိခဲ့ပြီး အများစုက နိုင်ငံခြားကနေ ပြန်လာသူတွေဖြစ်ပြီး  လတ်တလော ကူးစက်ခံတွေက ဒေသခံတွေ ဖြစ်နေခဲ့ပါတယ်။

 ကမ္ဘာတလွှား တခြားနေရာ အများအပြားမှာ ကပ်ဘေး ကူးစက်နေပေမဲ့ ထိုင်ဝမ်ကတော့ တစ်ခါမှ တစ်ကျွန်းလုံးကို အသွားအလာ ပိတ်ပင်တာ မလုပ်ရသေးသလို ပြည်သူတွေကလည်း ပုံမှန်နီးပါး သွားလာရှင်သန်နေကြဆဲလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

7 months Ago
Up