ကပ်ဘေးကို ကျော်လွှားဖို့

A d v e r t i s e m e n t With Us

April 26, 2020

ကပ်ဘေးကို ကျော်လွှားဖို့ အလိုအပ်ဆုံးအရာ

ကိုဗစ်-၁၉ ကို ချမ်းသာတဲ့နိုင်ငံတွေလည်း အလူးအလဲခံနေရတဲ့အတွက် ဒီကပ်ဘေးကြီးဟာ မလွတ်မြောက်နိုင်တော့တဲ့ တရားတော့လည်း မဟုတ်ပါဘူး။ ငွေကြေးတခုတည်းကလည်း အဓိက မကျပါဘူး။ အခုအထိ ကပ်ဘေးကနေ ရင်ဆိုင်ကျော်လွှားခဲ့တဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့လို ချမ်းသာတဲ့နိုင်ငံတွေသာမက ဗီယက်နမ်လိုမျိုး သူလို ကိုယ်လို နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့တဲ့ နိုင်ငံတွေမှာ တူညီနေတဲ့အချက်က ကပ်ဘေးကို ရင်ဆိုင်ဖို့ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့၊ အရင်က ခါးသီးတဲ့ အတွေ့အကြုံရှိတဲ့နိုင်ငံတွေ ဖြစ်တာ၊ ဥပမာ- တောင်ကိုရီးယား၊ ထိုင်ဝမ်တို့ဟာ ဆားစ်ရောဂါတုန်းက ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် ကိုဗစ်ကို ရင်ဆိုင်ဖို့ အစောကြီးကတည်းက ပြင်ဆင်ထားကြတယ်။ ကျနော်တို့ မမေ့ရမယ့်ကိစ္စက တောင်ကိုရီးယားရော၊ ထိုင်ဝမ်ရော လော့ဒေါင်း မလိုခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ ပြည်သူတွေ စည်းကမ်းရှိကြလို့ပဲ။ အစိုးရနဲ့ ပြည်သူ ဟန်ချက်ညီလို့ပါပဲ။ ချမ်းသာတဲ့ သူတို့ချည်းပဲလားဆိုတော့ ဗီယက်နမ်ကို ကြည့်ရင် အဲဒီလောက်ကြီး ချမ်းသာတဲ့ နိုင်ငံ မဟုတ်ဘူး။ ဗီယက်နမ်က ကိုဗစ်-၁၉ ကို ရင်ဆိုင်ခဲ့ပုံဟာ ပိုက်ဆံလည်း အများကြီးမကုန်ခဲ့ဘဲနဲ့ အခြေအနေကောင်းတယ်လို့ ချီးကျူးကြပါတယ်။ အဓိကကတော့ သူတို့အစိုးရနဲ့ သူတို့ ပြည်သူ ဟန်ချက်ညီလို့ပါပဲ။ ဗီယက်နမ်မှာ ဇန်နဝါရီ ၂၃ မှာ ရောဂါကို စတွေ့ခဲ့ပါတယ်။ ဗီယက်နမ်က တောင်ကိုရီးယား၊ ထိုင်ဝမ်၊ စင်ကာပူတို့လောက် မချမ်းသာတော့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့ နည်းပဲ တတ်နိုင်ခဲ့ပါတယ်။ ဗီယက်နမ်ဟာ မြန်မာလိုပဲ တရုတ်နဲ့ ကုန်းမြေချင်းဆက်နေတာကြောင့် အခြေအနေဆိုးမယ်လို့ တော်တော်များများက ခန့်မှန်းခဲ့ကြပါတယ်။ တကယ် မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲလို့ မေးရင် ဗီယက်နမ်ဟာ အစိုးရဟာ လူထုကြားမှာ ပညာပေးတာနဲ့ နည်းပညာကို ထိထိရောက်ရောက် အသုံးချခဲ့လို့ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ လူဦးရေဟာ ၉၆ သန်း ရှိလို့ မြန်မာလူဦးရေထက် အများကြီး ပိုပါတယ်။ ကွန်မြူနစ်နိုင်ငံ ဆိုပေမယ့် ၆၅ ရာခိုင်နှုန်းက အွန်လိုင်းမီဒီယာ၊ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ ရှိနေကြပါတယ်။ ၆၀ ရာခိုင်နှုန်းက ဖေ့ဘွတ်ခ် သုံးပါတယ်။ အစိုးရက ဒီ ပလက်ဖောင်းတွေကို ထိထိရောက်ရောက်သုံးပြီး၊ ပြည်သူကလည်း နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေခြင်း၊ တကိုယ်တည်း သီးသန့်နေခြင်းလို ကိစ္စမျိုးတွေ အတိအကျ လိုက်နာပါတယ်။ ဗီယက်နမ် မီဒီယာတွေမှာ ဇန်နဝါရီလဆန်းကတည်းက တရုတ်ပြည်က အမည်မသိ အဆုတ်ရောဂါအကြောင်း ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဇန်နဝါရီ ၉ ကနေ မတ်လ ၁၅ အထိ လူဖတ်များတဲ့ အွန်လိုင်းမီဒီယာ ၁၃ ခုမှာ ရောဂါနဲ့ သတင်းနဲ့ ဆောင်းပါးတွေ နေ့စဉ် (နေ့စဉ်) အပုဒ်ရေ ၁၃၀ လောက် ဖော်ပြခဲ့ပါတယ်။ လူထုကို ပညာပေး၊ သတိပေးတာအပြင် ကောလာဟလတွေနဲ့ သတင်းတုတွေအတွက် နေရာမရှိအောင် လုပ်တဲ့အစီအစဉ်လည်း ဖြစ်ပါတယ်။ ဗီယက်နမ်ပြည်သူတွေဟာ တရုတ်ပြည်မှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ရောဂါအကြောင်း သေချာမသိပေမယ့် ၂၀၀၃ က ဆားစ်ရောဂါ၊ ကြက်တုပ်ကွေး၊ ဝက်တုပ်ကွေး အတွေ့အကြုံတွေကြောင့် လာတော့မယ့် ကိုဗစ်-၁၉ ကို ရင်ဆိုင်ဖို့ သတိရှိနေကြပါတယ်။ ဗီယက်နမ်ကိုအပြင်က ကြည့်ရင် ကွန်မြူနစ်နိုင်ငံဆိုပေမယ့် သူတို့ ပြည်သူတွေဟာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကပ်ဘေးကို ရင်ဆိုင်ရာမှာ အစိုးရကို စိတ်ပါလက်ပါ ကူညီကြပါတယ်။ ဗီယက်နမ်က သုံးခဲ့တဲ့ အပလီကေးရှင်းက NCOVI ဖြစ်ပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ စတင် အသုံးပြုကြပါတယ်။ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့လောက် ကျယ်ကျယ်ပြန့်ပြန့် မဟုတ်ပေမယ့် အများကြီး အထောက်အပံ့ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒေသ ဆေးရုံတွေ၊ သုတေသနအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေကလည်း ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို ထုတ်ပြန်တာတွေ လုပ်ပါတယ်။ လက်ဆေးရည်တွေ တိုးထုတ်တာ၊ ကုန်ကျစရိတ်နည်းနည်းနဲ့ test kids တွေကို တီထွင်တာတွေ လုပ်ပါတယ်။ ဗီယက်နမ်ရဲ့ ပညာပေး သီချင်းတပုဒ် “Ghen Co Vy,” ဟာ ဆိုရင် နိုင်ငံတွင်းမှာသာမက အွန်လိုင်းကတဆင့် တကမ္ဘာလုံးကို ပျံ့သွားခဲ့ပါတယ်။ (မြန်မာပြည်မှာ အွန်ုလိုင်းသုံးစွဲသူတွေကြား နာမည်ကြီးသွားတဲ့ ဆရာဝန်အမျိုးသမီးတယောက် ကပြတဲ့ ဗီဒီယိုရဲ့နောက်ခံမှာ ဖွင့်ထားတဲ့ သီချင်းဟာ အဲဒီဗီယက်နမ် သီချင်း ဖြစ်ပါတယ်။) မတ်လကုန်လောက်မှာ နိုင်ငံခြားပြန်တွေအတွက် ကွာရန်တင်းကို စည်းကမ်းအတိုင်း အတိအကျ ထုတ်ပြန်ခဲ့ပြီး၊ အတိအကျ လိုက်နာစေသလို၊ ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း တိတိကျကျလုပ်၊ တဖက်ကလည်း ဒီလို စိတ်ကျဉ်းကျဉ်းကြပ်ကြပ် နေရတဲ့ လူတွေကို စားရေး သောက်ရေး အဆင်ပြေအောင် ဂရုတစိုက် စီစဉ်ပါတယ်။ ဗီယက်နမ်ဟာ ကိုရိုနာ ကပ်ဘေးမှာ လူတယောက်မှ မသေဘဲ (အခုထိ) ကျော်လွှားနိုင်တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ဗီယက်နမ် အတွေ့အကြုံကို အတိုချုပ်ရင် ကြိုကြိုတင်တင် စစ်ဆေးတာ၊ ပြည်သူတွေကို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ဆက်သွယ်တာနဲ့၊ အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ဗီယက်နမ်ဟာ သူဌေးနိုင်ငံ မဟုတ်ပေမယ့်၊ ကျန်းမာရေးစနစ်မှာ အားနည်းချက်တွေ ရှိပေမယ့် အကျပ်အတည်းကနေ ရုန်းထွက်လာနိုင်တယ်လို့ ဆိုရပါမယ်။ မြန်မာပြည်အတွက် ချမ်းသာတဲ့နိုင်ငံတွေ နည်းလမ်းအတိုင်း လိုက်ဖို့ မတတ်နိုင်ရင် ဗီယက်နမ်ရဲ့အကုန်အကျနည်းတဲ့ နည်းလမ်းကို နမူနာယူမယ်ဆိုရင် အများကြီး နီးစပ်ပါတယ်။ တကယ်တမ်းလည်း တူတာတွေ အများကြီး ရှိပါတယ်။ မတူတာတွေလည်း ရှိပါတယ်။ တူတာကတော့ မြန်မာပြည်မှာ လူသုံးများတဲ့ ဖေ့ဘွတ်ခ်လို လူမှုကွန်ရက်ပေါ်ကို အတိုင်ပင်ခံ ကိုယ်တိုင် ထွက်လာတာ၊ ပညာပေးသီချင်းတွေ အပါအဝင် အနုပညာရှင်တွေကို အသုံးပြုပြီး အင်နဲ့ အားနဲ့ ပညာပေးတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ လျင်မြန်တဲ့ သတင်းထုတ်ပြန်ချက်ကလည်း အမှတ်ပေးသင့်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အပိုင်း၊ စေတနာ့ဝန်ထမ်းတွေ အပိုင်းက အခြေခံအဆောက်အအုံကနေ၊ ငွေအား၊ လူအား အားလုံး ကူညီနေတာလည်း အတိုင်ပင်ခံကိုယ်တိုင်က ကျေးဇူးတင်စကားပြောနေမို့ ကောင်းမွန်တယ်လို့ ဆိုရပါမယ်။ ဒါပေမဲ့ စည်းကမ်းတင်းကျပ်တဲ့အပိုင်း၊ စည်းကမ်းလိုက်နာတဲ့အပိုင်းမှာတော့ အားနည်းချက်တွေ အများကြီးရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ဥပမာ အစိုးရ ထုတ်ပြန်တဲ့ အမိန့်တွေဟာ အခုအချိန်ထိ မေတ္တာရပ်ခံတဲ့ သဘောမျိုးလောက်ပဲ ရှိနေပါတယ်။ မလိုက်နာလို့ အရေးယူတယ်ဆိုတာ အင်မတန် ရှားပါးနေသေးတယ်။ တချို့ မြို့နယ်အလိုက် ဖြတ်သန်းခွင့် ကန့်သတ်တဲ့ အမိန့်တွေ၊ ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာ လက်တွေ့ စည်းကမ်းတင်းကျပ်တဲ့အပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေပါတယ်။ အနိမ့်ဆုံး စည်းကမ်းဖြစ်တဲ့ ရပ်ကွက်စျေးတွေမှာ နှာခေါင်းစည်းတွေကို မဖြစ်မနေ ဝတ်ကြဖို့ အမိန့်မျိုးကို သေချာထုတ်ပြီး၊ အတိအကျ လိုက်နာဖို့ လိုအပ်နေပါတယ်။ မေတ္တာရပ်ခံချက်လောက်နဲ့ မလုံလောက်ဘူးဆိုရင် လိုက်နာအောင် အပြစ်ပေးတဲ့နည်းလမ်းကို အသုံးပြုရပါမယ်။ ဒါကို ဘယ်သူမှ ကန့်ကွက်မယ် မထင်ပါဘူး။ ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို စိုးရိမ်စရာ နိုင်ငံအဖြစ် သတ်မှတ်လိုက်ပါတယ်။ အရင်က စိုးရိမ်ရတဲ့နိုင်ငံတွေလို့ သူတို့ သတ်မှတ်ခဲ့တဲ့နိုင်ငံတွေက တကယ်ပဲ စိုးရိမ်စရာ ဖြစ်ခဲ့လို့ (ဖြစ်နေဆဲမို့) လျှော့တွက်လို့တော့ မရပါဘူး။ မြန်မာပြည်လိုပဲ အနီးအနားက နိုင်ငံတွေဟာလည်း တချိန်ချိန် ထပေါက်နိုင်တဲ့ ချိန်ကိုက်ဗုံး တလုံးလို သတ်မှတ်ထားကြတယ်။ ဘာဖြစ်လို့ ရင်တထိတ်ထိတ် ဖြစ်နေရလဲဆိုရင် နိုင်ငံ ဆင်းရဲပြီး၊ အစိုးရရဲ့ စီမံခန့်ခွဲမှု၊ ကျန်းမာရေးစနစ်တွေ အားနည်းတာ၊ ဖြစ်လာရင် ထိန်းမနိုင်သိမ်းမရ ဖြစ်နိုင်တဲ့ လူမှုစီးပွားဘဝနဲ့ လူနေမှုပုံစံတွေ ရှိနေလို့ပါပဲ။ ထိုင်းက ပြောမယ့်သာ ပြောနေပေမယ့် အခုအထိတော့ ထိုင်းက လူနာအရေအတွက်ရော၊ သေတာရော မြန်မာထက် ပိုများနေပါတယ်။ ဒါပေမဲ့ ကျနော်တို့ နားလည်ထားရမယ့်ကိစ္စက ကိုဗစ်-၁၉ နဲ့ပတ်သက်လို့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အားလုံးဟာ အပေါ်ယံတွေသာ ဖြစ်တယ် ဆိုတာပါပဲ။ ဒါဟာ မြန်မာနိုင်ငံ တနိုင်ငံတည်းကို ပြောတာ မဟုတ်ပါဘူး။ နိုင်ငံအားလုံးကို ပြောတာ ဖြစ်ပါတယ်။ များများ စစ်နိုင်တဲ့ နိုင်ငံကတော့ အရှိတရားနဲ့ ပိုနီးစပ်တယ်။ နည်းနည်း စစ်နိုင်တဲ့နိုင်ငံကတော့ အရှိ ဂဏန်းနဲ့ အသိဂဏန်း အများကြီး ကွာခြားပါလိမ့်မယ်။ မြန်မာပြည် အခြေအနေဟာ အခုထိတော့ သိဂဏန်းလောက်ကို ကြည့်ရင် အခြေအနေကောင်းပါတယ်။ ဒါပေမဲ့ မသိဂဏန်းနဲ့ စင်ကာပူလိုမျိုး ချက်ချင်းကြီး လူအများကြီး ကူးသွားနိုင်တဲ့ အခြေအနေကနေ မလွန်မြောက်သေးပါဘူး။ ကျနော်တို့ ရင်ဆိုင်နိုင်မလား။ မသေချာပါဘူး။ ရှေ့မှာ တောင်တွေ အများကြီး ကျန်နေပါသေးတယ်။ ရန်သူဟာ မမြင်ရတဲ့ ရန်သူ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို နိဂုံးမချုပ်ခင်မှာ သတင်းကောင်းတခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ မြန်မာပြည်လိုပဲ ဆင်းရဲ၊ ကျန်းမာရေး စနစ်အားနည်း၊ ဆင်းရဲသား လက်လုပ်လက်စား၊ လူတွေ ပြွတ်သိပ်နေထိုင်တဲ့ တောင်အာရှနိုင်ငံတွေဟာ ထင်သလောက် အခြေအနေ မဆိုးနိုင်ဘူးဆိုတဲ့ အင်တာပရီတာ ဖော်ပြထားတဲ့ သုံးသပ်ချက်ပါ။ ဆောင်းပါးရှင် Dr David Brewster က သြစတြေးလျ နေရှင်နယ် ယူနီဗာစတီမှာ ရှိတဲ့ တောင်အာရှနှင့် အိန္ဒိယ သမုဒ္ဒရာအရေး မဟာဗျူဟာ ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ဒီနိုင်ငံတွေဟာ အများ ထင်သလောက်မဆိုးနိုင်တဲ့ အကြောင်းတွေ ရှိနေပါတယ်တဲ့။ ဒီနိုင်ငံတွေဟာ လူများပေမယ့် ရောဂါကူးတဲ့နှုန်းဟာ (အခုထိ) အလွန်နည်းနေတယ်။ စမ်းသပ်နိုင်တဲ့ အရေအတွက် နည်းတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ပိုပြီးသိသာနိုင်တဲ့ကိစ္စက လူသေတဲ့ ကိစ္စပါပဲ။ ဒါကို စေ့စေ့ငှငှ မသိဘူး ထားလိုက်ရင်တောင် အားလုံး သတင်းအမှောင်ချလို့ ရ(သို့မဟုတ် မသိနိုင်) တဲ့ အခြေအနေ မရှိပါဘူး။ ဥပမာ အိန္ဒိယဟာဆိုရင် မီဒီယာ အားကောင်းတဲ့ ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါတယ်။ အခုအထိ နှိုင်းယှဉ်ချက်အရ သေတဲ့ အရေအတွက် နည်းနေတုန်းပါပဲ။ ဘာကြောင့်လဲဆိုရင် တချို့ပညာရှင်တွေ ထောက်ပြသလို အပူပိုင်းနိုင်ငံတွေ ဖြစ်နေတာကြောင့်လား၊ မသေချာပါဘူး။ အပူချိန် မှန်းဆချက်ကို အစကတည်းက တချို့ လေ့လာသူတွေက ပြောခဲ့ကြသလို၊ အခုလည်း နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့လည်း ပြောလာကြပါတယ်။ (တချို့ ဆေးပညာရှင်တွေက ဒီလို ပြောနိုင်တဲ့သက်သေ မရှိဘူးဆိုပြီး သဘောမတူပါဘူး။) ပိုပြီး ဖြစ်နိုင်တဲ့ နောက်တချက်က ငှက်ဖျားနဲ့ တီဘီလို ရောဂါတွေနဲ့ နပန်းလုံးနေရလို့ ကာကွယ်ဆေးတွေ ထိုးထားတဲ့ လူဦးရေ များနေတာနဲ့ ဆိုင်မလား။ ဒါတွေလည်း မှန်းဆချက်တွေသာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ ဒီနိုင်ငံတွေမှာရှိတဲ့ လူဦးရေ ဖွဲ့စည်းမှုပုံစံလို့ ဆိုပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့မှာ အသက် ၆၀ ကျော် သက်ကြီးရွယ်အို အချိုးအစားဟာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း၊ ၇၀ ကျော်တန်း ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အီတလီမှာ ၆၀ ကျော် ၁၆ ရာခိုင်နှုန်း၊ ၇၀ ကျော် ၁၀ ရာခိုင်နှုန်း ရှိပါတယ်။ ကိုဗစ်-၁၉ ကြောင့် သေဆုံးရတဲ့ လူအားလုံးရဲ့ ၈၅ ကနေ ၉၀ ရာခိုင်နှုန်းဟာ အသက် ၆၀ ကျော်တွေ ဖြစ်ပါတယ်။ မြန်မာပြည်အတွက်လည်း မှန်ကန်ပါတယ်။ နောက်တချက်ကတော့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ရှိတဲ့ ပြည်သူတွေရဲ့ဒ ဏ်ခံနိုင်စွမ်းပါပဲ။ ဒီနိုင်ငံတွေက ပြည်သူတွေဟာ ဒုက္ခတွေနဲ့ ထုသားပေသား ကျနေပါပြီ။ (ဒီလို ပြောရတာ နာဂစ်တုန်းက အစိုးရသတင်းစာ ဆောင်းပါးကိုတော့ သတိရပါတယ်။) ဒါပေမဲ့ မူလ ဆောင်းပါးရှင်ရဲ့ အာဘော်ကိုပဲ ပြန်ပြောရရင် ပြည်သူတွေဟာ နဂိုတည်းက အစိုးရဆီက များများစားစား အထောက်အပံ့ မရခဲ့ကြလို့ (ချမ်းသာတဲ့နိုင်ငံတွေလို လူမှုဖူလုံရေး အစီအစဉ်တွေ မရှိလို့) ကိုယ့်ဖြစ်ကိုယ်ခံ ဘဝနဲ့ နေသားကျ၊ တခုခု ဖြစ်လာရင် လူ့အဖွဲ့အစည်းက၊ ဘာသာရေး အဖွဲ့တွေကပဲ ကူညီနေတာ ဓလေ့လို ဖြစ်နေပါတယ်တဲ့။ နောက်ပြီး ဒီနိုင်ငံတွေဟာ သဘာဝဘေးတွေနဲ့ပတ်သက်လာရင် ခံနိုင်ရည်ဝနေပါပြီတဲ့။ (မြန်မာပြည်က ရေဘေးနဲ့ တခြားဘေးကို မြင်ကြည့်ပါ။) တတိယအချက်က ဒီနိုင်ငံတွေဟာ နဂိုကတည်းက ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ထဲထဲဝင်ဝင် ပတ်သက်တဲ့ နိုင်ငံတွေ မဟုတ်ပါဘူးတဲ့။ အိန္ဒိယနိုင်ငံပင်လျှင် (RCEP သဘောတူညီချက်ကို ထွက်ထား) ၂၀၀၉ ကမ္ဘာ့စီးပွားပျက်ကပ်မှာ တခြားနိုင်ငံတွေလောက် အထိမနာခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်သည်လည်း ဒီသဘောပါပဲ။ မြန်မာပြည်နဲ့ပတ်သက်လို့ အဓိက ကုန်သွယ်ဖက်ဟာ ကမ္ဘာကြီးတခုလုံး မဟုတ်ပါဘူး။ ရခိုင်အရေးကို အကြောင်းပြုလို့ အနောက်နိုင်ငံတွေက မြန်မာပြည်ကို အဆက်ဖြတ်ထားခဲ့သလို တရုတ်၊ ဂျပန်၊ စင်ကာပူတို့လို အရှေ့ အာရှနိုင်ငံတွေကို အားကိုးနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။ စီမံကိန်းကြီးတွေမှာ အဓိက ရင်းနှီးမြှုပ်နှံနေတာလည်း ဒီနိုင်ငံတွေနဲ့ အိန္ဒိယတွေဖြစ်ပြီး၊ အဆောက်အဦကဏ္ဍ ဖွံ့ဖြိုးရေး ပရောဂျက်တွေမှာလည်း ဒီနိုင်ငံတွေနဲ့ပဲ အများဆုံး ပတ်သက်နေပါတယ်။ အထည်ချုပ်နဲ့၊ ရေထွက်ကုန်လုပ်ငန်းကတော့ ဥရောပနိုင်ငံတွေရဲ့ ဝယ်လိုအားအပေါ်  မှီခိုနေရပါတယ်။ စာရှည်သွားလို့ နိဂုံးချုပ်ရရင် မြန်မာတွေ ထင်သလောက် မဆိုးနိုင်ပါဘူး။ အကြောက် မလွန်ဖို့ မကြောက်ဘဲလည်း မနေဖို့ အရေးကြီးတာပါ။ ဒီအစွန်းတရားနှစ်ခုလုံးက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ မြန်မာပြည် ဆင်းရဲလို့ ဒီကပ်ဘေးကို မကျော်လွှားနိုင်ဘူးဆိုတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ရှေ့မှာ ဗီယက်နမ် ဘယ်လို ကျော်လွှားသလဲဆိုတာကို သက်သေ ရှိပါတယ်။ ကမ္ဘာကျော် ပညာရှင် ဖူကူယားမားရဲ့ စကားကိုပဲ ပြန်ကောက်ချင်ပါတယ်။ ဒီကပ်ဘေးမှာ အဓိကအရေးကြီးဆုံးက ယုံကြည်မှု ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်မှု ဖြစ်ပါတယ်။  ဗီယက်နမ်နဲ့ အောင်မြင်ခဲ့တဲ့ နိုင်ငံတွေ နမူနာအတိုင်း အစိုးရနဲ့ ပြည်သူ ဟန်ချက်ညီရင် ဘယ်လောက်ဆိုးတဲ့အန္တရာယ် ကြုံပါစေ၊ နောက်ဆုံးမှာတော့ မြန်မာပြည် ကျော်လွှားနိုင်ပါလိမ့်မယ်။ နေသွင်ညိဏ်း
11 months Ago
Up