ကပ်ဘေးကာလ

July 20, 2021

ကပ်ဘေးကာလ "ပြည်သူမှ ပြည်သူသို့ အဝါရောင်ကမ်ပိန်း"တွင် ပူးပေါင်းပါဝင်ရန် နှိုးဆော်

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ အခက်အခဲကြုံတွေ့နေကြရသူတွေအချင်းချင်း ကူညီမှုနိုင်ကြစေဖို့ "ပြည်သူမှ ပြည်သူသို့ အဝါရောင်ကမ်ပိန်း"မှာ ပူးပေါင်းပါဝင်ဖို့ နှိုးဆော်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေး စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် တိုင်းပြည်မှာ ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်မှုကို အပြင်းအထန် ခံစားနေကြရပြီး နေ့စဉ်ရက်ဆက်ဆိုသလို အသက်တွေသေဆုံးနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အားကိုးစရာဆိုလို့ ပြည်သူ အချင်းချင်းပဲ ရှိနေတော့တာမို့  အခက်အခဲ ကြုံနေရသူတွေကို ပြည်သူအချင်းချင်း ကူညီမှုအစီအစဉ်ဖြစ်တဲ့ "ပြည်သူမှ ပြည်သူသို့" လှုပ်ရှားမှုမှာ ပါဝင်ပေးကြဖို့ နှိုးဆော်ထားတာပါ။

တကယ်လို့မ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် အစားအသောက်၊ ဆေး ဝါး၊ အောက်ဆီဂျင် ရရှိမှု ခက်ခဲနေပြီဆိုရင် မိမိတို့ရဲ့ အိမ်ရှေ့မှာ အလံဝါ၊ ဒါမှမဟုတ် အဝါ ရောင်အင်္ကျီ၊ အဝါရောင် အဝတ်စတခုခုကို မြင်သာအောင် ချိတ်ဆွဲ လွှင့်တင်ထားခြင်းအားဖြင့် ဒီလို လွှင့်တင်ထားတဲ့ အိမ်ရှိတဲ့ လမ်း၊ ရပ်ကွက်၊ မြို့နယ်က ပြည်သူတွေ အနေနဲ့ လည်း မိမိတို့ ပတ်ဝန်းကျင်မှာ လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးကြဖို့၊ စေတနာ့ ဝန်ထမ်းတွေ လူမှုကူညီရေးပရဟိတအသင်းတွေကို တဆင့်ဆက်သွယ်ပေးနိုင်မှာပဲ ဖြစ်ပါ တယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၃၄,၇၁၀ ယောက်နဲ့ သေဆုံးသူပေါင်း ၅,၂၈၁ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ကြေညာထားခဲ့ ကာ အောက်ဆီဂျင်အခက်အခဲကြောင့် အသက်ဆုံးရှုံးရတာတွေလည်း များလာနေခဲ့တာ ပါ။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားသလို  အစိုးရ ရုံးတွေ ၉ ရက်ဆက်တိုက်ပိတ်ထားတဲ့အပြင်  နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၇၀ ကျော်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

3 months Ago

July 4, 2020

ကိုရိုနာကပ်ဘေးကာလ ဇွန်ဘီ ပြကွက်များကို ဂျပန်အနုပညာရှင်အဖွဲ့ တင်ဆက်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရဘဲ ဇွန်ဘီတွေကို အနီးကပ် ရှုစားလိုတဲ့ ပရိသတ်အတွက်  ဂျပန်အနုပညာရှင်အဖွဲ့တစ်ဖွဲ့က  ကြောက်မက်ဖွယ်ပြကွက်တွေကို မော်တော်ကားပေါ်ကနေ  ခံစား လို့ ရအောင် တင်ဆက်ပေးနေပါတယ်။  ဒီလိုသည်းထိပ်ရင်ဖို ပြကွက်တွေ ကြည့်ချတဲ့  ပရိသတ်တွေဟာ  မြို့တော် တိုကျိုက ကား ဂိုဒေါင်တစ်ခုထဲကို တစ်ကြိမ်မှာ ကားတစ်စီးသာ ဝင်ပြီး ရှုစားရမှာပါ။   အဲဒီနောက်မှာတော့ သရဲသဘက်တွေလို  ဝတ်စားထားတဲ့ သရုပ်ဆောင်တွေက ကားကို ထုရိုက်တာတွေ၊ကားမှန်ကို သွေးတုတွေနဲ့ ဖျန်းပက်တာတွေ လုပ်ပါတော့တယ်။  “မော်တော်ကားပေါ်ကနေ ရှုစားတော့  တစ်ဦးနဲ့တစ်ဦး  လူချင်းထိတွေ့တာကို ရှောင်ရှားနိုင်တယ်”  လို့ သရဲအိမ်ပရိုဂျူဆာ ကန်တာ-အီယာဝါနာက ဇူလိုင်လ ၃ ရက်က  ဆိုပါ တယ်။      ဒီကြောက်မက်ဖွယ် တင်ဆက်မှုကို  ယူကျူ့မှာ တင်ဆက်တဲ့ ဂျာမန်ပြတိုက်လေ့လာရေး ဇာတ်လမ်းကို  အတုယူပြုလုပ်ထားပြီး  ကိုဗစ်-၁၉ ကြောင့် မော်တော်ကားပေါ်ကနေ ကြည့်တဲ့  အစီအစဉ်မျိုး တင်ဆက်တာလို့ အီယာဝါနာက ဆိုပါတယ်။  ကပ်ရောဂါ မတိုင်ခင်က  ကိုဝါဂါရာဆက်တာအီ အပန်းဖြေဥယျာဉ်မှာ  ဒီလိုရှိုးတွေ လုပ်ခဲ့ ပေမယ့်  အဲဒီနေရာတွေကို ပိတ်ပစ်ပြီး လူတွေ အိမ်မှာ နေကြတာကြောင့်  ပွဲကြည့်ဖို့ လက်မှတ်ယူ သူဟာ ၈၀ ရာခိုင်နှုန်း  လျော့နည်းသွားပါတယ်။  အခုတော့ ဒီလို ဇွန်ဘီပြကွက်တွေကို ကားပေါ်ကနေ ရှုစားဖို့  တစ်ဖွဲ့ကို  အမေရိကန်ဒေါ်လာ ၈၄  ဒေါ်လာအထိ ကျသင့်တယ်လို့ အီယာဝါနာက ပြောပါတယ်။  ဒါပေမဲ့ ကလေးငယ်တွေကတော့ အိမ်မှာပဲ ဆက်နေသင့်ပါတယ်လို့ အီယာဝါနာက အကြံပြုခဲ့ပါတယ်။ 
1 year Ago
More News
Up