ကပေါင်းကျကျေးရွာ

August 28, 2021

တန့်ဆည်မြို့နယ်က စစ်ဘေးရှောင် မောင်နှမကို စစ်တပ်က ပစ်ခတ်သဖြင့် ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာ တောထဲမှာ ဩဂုတ် ၂၇ ရက် နေ့လယ် ၃ နာရီလောက်က စစ်ဘေးရှောင်နေကြတဲ့‌ ဒေသခံတွေကို စစ်တပ်က လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် မောင်နှမနှစ်ယောက် ကျည်ထိမှန်ပြီး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူငယ်လူရွယ်တွေဆိုတော့ တိမ်းရှောင်ကြရတာပေါ့။ ဒီလောက်အထိ လိုက်မလာဘူး အထင်နဲ့ တောထဲက တဲလေးတခုမှာ နားနေရင်းနဲ့ မောင်နှမနှစ်ယောက်လုံး သေနတ်နဲ့ ပစ်ခံလိုက်ရတာ။ အစ်ကိုဖြစ်သူက ဝမ်းဗိုက်ထိသွားပြီး ညီမဖြစ်သူက လက်မောင်းထိသွားတယ်လို့ ပြောတယ်။ အချိန်မီ ကုသပေးနိုင်ဖို့ ကြိုးစားရင်းနဲ့ ဗိုက်ထိတဲ့သူက ညနေ ၄ နာရီလောက်မှာ ဆုံးသွားတယ်။ လက်မောင်းမှန်တဲ့သူကိုတော့ သွေးတိတ်အောင် စည်းပေးထားတယ် ပြောတယ်။ စစ်သားတွေ ရှိနေတော့ တခြားသူတွေကလည်း ကူညီဖို့ မလွယ်ဘူးဖြစ်နေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တန့်ဆည်မြို့နယ်။ ကပေါင်းကျကျေးရွာကို ဩဂုတ် ၂၆ ရက် မနက် ၃ နာရီလောက်ကတည်းက စစ်တပ်ကစတင်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

ဒီနေ့အထိအချိန်အထိ စစ်တပ်က ရွာသားတွေကို လိုက်လံဖမ်း‌ဆီး ပစ်ခတ်တာတွေ ပြုလုပ်နေတာဖြစ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ပစ်ခတ်ခံရလို့ သေဆုံးသူ နှစ်ဦး ရှိသွားပြီလို့ သိရပါတယ်။

Photo-ဒေသခံ 

3 months Ago

August 27, 2021

ကပေါင်းကျကျေးရွာကို စစ်အင်အားအလုံးအရင်းဖြင့်ဝင်စီး၊ ရွာသား ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ဩဂုတ် ၂၆ ရက် မနက် ၃ နာရီလောက်က စစ်ကား ၆ စီးနဲ့ စစ်အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ပါမကျန် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လယ်ယာလုပ်ငန်း လက်စမသိမ်းသေးတဲ့ တောင်သူအချို့ တောင်ယာသွားဖို့ပြင်ဆင်နေစဉ် ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးကို စစ်ဆေးမေးမြန်းနေရင်း သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနက်စောစောဆိုတော့ တောသွားဖို့ နွားလှည်းတပ်ပြင်ဆင်နေတဲ့ ရွာမြောက်ပိုင်းက သားအဖနှစ်ယောက်ကိုဖမ်းသွားတယ်။ နွားကျွေးနေတဲ့ လူငယ်တစ်ယောက်ကိုလည်း စစ်ဆေးမေးမြန်းရင်း သေနတ်နဲ့ ပစ်သတ်သွားကြတယ်တဲ့။ သေတဲ့ကလေးက လွင်မိုး (၂၅) နှစ်လို့ပြောတယ်။ ရွာထဲက နွားတွေကိုသတ်ပြီး စာသင်ကျောင်းထဲ တဖွဲ့၊ ကန်ဘောင်မှာတဖွဲ့၊ ဝက်ပုတ်ရွှေမျောမှာတဖွဲ့ ချက်ပြုတ်စားနေကြတဲ့အပြင် စစ်သားတွေလာပို့တဲ့ ကားတွေပြန်တော့လည်း နွားတစ်ကောင်သတ်ပြီး တန့်ဆည်ကိုယူသွားသေးတယ်” လို့ ‌ပြောပါတယ်။

ညနေပိုင်းမှာလည်း ကပေါင်းကျရွာကို စစ်ကား ၂ စီး ထပ်လာရောက်ပြီး လက်နက်လို့ယူဆရတဲ့ ပစ္စည်းတွေချနေကြပြီး မိန်းကလေး ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးကာ ထမင်း ဟင်းချက်ခိုင်းနေတယ်လို့ ဆိုပါတယ်။

ရွာသူရွာသားတွေဟာ မနက်စောစော မိုးထဲရေထဲ ထွက်ပြေးခဲ့ကြရတဲ့အတွက် အစားအစာနဲ့ အမိုးအကာ  လိုအပ်နေကြတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာကို ၇ ကြိမ်မြောက် ဝင်ရောက်စီးနင်းခံရတာဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုဒဏ်အခံရဆုံး ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

3 months Ago
Up