ဝါရင့်နာမည်ကြီး အမေရိကန် ကန်းထရီးအဆိုတော်ကြီး Kenny Rogers ဟာ ပြီးခဲ့တဲ့ မတ် ၂၀ ရက်နေ့ညပိုင်းက နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက အတည် ပြု ပြောကြားလိုက်ပါတယ်။
အသက် ၈၁ နှစ်အရွယ် အဆိုတော်ကြီးဟာ ဂီတလောကမှာ ဆယ်စုနှစ် ၆ စု လောက်ဖြတ်သန်းခဲ့သူဖြစ်ပြီး မိသားစုဝင်တွေရဲ့ ထုတ်ပြန်ချက်မှာတော့ ခုလိုဖော်ပြထားခဲ့ပါတယ်။
“ရော်ဂျာဟာ နေအိမ်မှာပဲ နာတာရှည်ပြုစုစောင့်ရှောက်မှုအောက်၊ မိသားစုတွေ ဝန်းရံပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ ထွက်ခွာသွားခဲ့ပါပြီ။”
လတ်တလောမှာတော့ သူ့ရဲ့ နာရေးကို ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် အကျယ်တဝင့် မလုပ်တော့ဘဲ မိသားစုနဲ့ အကျဉ်းချုံး ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဂရမ်မီဆု ၃ ကြိမ်ရရှိခဲ့သူ ရော်ဂျာရဲ့ The Gambler ၊ Lucille ၊ နာမည်ကြီး အဆို တော် Dolly Parton နဲ့ စုံတွဲသီဆိုထားတဲ့ Islands in the Stream သီချင်းတွေဟာ ပရိသတ်တွေကြား လူသိများထင်ရှားတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
တက္ကဆက်ပြည်နယ်ဖွား ရော်ဂျာရဲ့ ဂီတခရီးလမ်းကတော့ ၁၉၅၀ ပြည့်လွန် နှောင်းပိုင်းကာလတွေမှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တမူထူးခြားတဲ့ သူ့ရဲ့ ပုံစံ၊ ဟန်ပန်တွေနဲ့အတူ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပြီး ကန်းထရီး ဂီတ ထူးချွန်ဆု ၆ ကြိမ်လည်း ရရှိခဲ့ပြီးဖြစ်ကာ Country Music Hall of Fame ရဲ့ အဖွဲ့ဝင်တယောက်လည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့သေဆုံးမှုအပေါ် အနုပညာရှင်ဂီတအသိုင်းအဝိုင်းက သာမက သတင်းနဲ့ စာနယ်ဇင်း စာမျက်နှာတွေမှာပါ ဘဝဖြတ်သန်းမှုပုံရိပ်တွေနဲ့အတူ ဖော်ပြနေကြတာပါ။
သူ့ရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ Dolly Parton ကလည်း ဒီသတင်းအတွက် အတော့်ကို စိတ်ထဲကြေကွဲဝမ်းနည်းနေရပြီး သူ့ရဲ့ တွစ်တာအင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလို ရေးသားဖော်ပြခဲ့ပါတယ်။
“ရှင်တို့ တစုံတယောက်ကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို သူတို့ ရှင်တို့ဘဝထဲက ထွက်မသွားခင်အချိန်ထိ မသိနိုင်ပါဘူး။ ကျမနဲ့ Kenny ဟာ အချိန်ပေါင်းများစွာ၊ အံ့အားသင့်စရာကောင်းတဲ့ နှစ်တွေများစွာ ချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ဖြတ်သန်းခဲ့ကြတယ်။ ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှု၊ ဂီတအားလုံးထက် ကျမသူ့ကို ချစ်ခင်တယ်၊ တကယ့်ကို အံ့ဩလောက်စရာ လူတယောက်၊ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တ ယောက်ပါပဲ။”
12 months Ago