ကန်ရေထွက်ပေါက်ပြွန်ပိတ်

December 20, 2020

ဝမ်းတွင်းတွင် ကန်ရေထွက်ပေါက်ပြွန် ၁ ခု ပိတ်ထားသဖြင့် လယ်ဧက ၃၀ ခန့် ရေအခက်အခဲဖြစ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရွှေဖလားကန်ကျေးရွာအုပ်စု စိန်ပန်းပင်ရွာက ကုန်းကန်ကြီးကန်ရေထွက်ပြွန်ပေါက် ၁ ခုကို ဘိလပ်သရိုးတွေနဲ့ လာရောက်ပိတ်ဆို့ထားတဲ့အတွက် လယ်ယာမြေ ဧက ၃၀ လောက် စိုက်ပျိုးရေ အခက်အခဲ ဖြစ်နေတာကြောင့် သမ္မတကို တိုင်ကြားသွားမယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ စိန်ပန်းပင်ရွာတောင်သူ ဦးမျိုးလှိုင်က “ဘိုးဘွားတွေလက်ထက်ကတည်းက ကျနော်တို့ လယ်ယာမြေတွေကို ဒီကန်ကရေနဲ့ စိုက်ပျိုးလာတာ။ အခုတော့ ဒီကန်ကရေကို သုံးမရအောင် စက်တင်ဘာလလောက်က ဘိလပ်သရိုးတွေနဲ့ လာပိတ်သွားတယ်။ မြို့နယ်လယ်စီကို တိုင်ထားတယ်၊ အခုထိတော့ ဘာမှမထူးသေးဘူး။ နိုင်ငံတော်သမ္မတဆီ ထပ်တိုင်မှာပါ။ စပါးတွေ စိုက်ထားတာ အောင်ရေမရတော့ အနှံပြည့် မထွက်တော့ဘူးပေါ့။ ဆောင်းသီးနှံလည်း စိုက်ပျိုးမရတော့ဘူး” လို့ ပြောပါတယ်။ ဆည်မြောင်းဦးစီးဌာန ဒုဦးစီးမှူးဦးမြတ်စိုးကျော်က “ဌာနထိန်းကန်နဲ့ ဒေသထိန်းကန် နှစ်မျိုး ရှိတဲ့အနက် ကုန်းကန်ကြီးကန်ကတော့ ဒေသထိန်းကန်ပါ။ ဒေသထိန်းကန်ဆိုတော့ ရပ်ရွာက ဖွဲ့ထားတဲ့ ကန်ကော်မတီက ထိန်းသိမ်းပါတယ်။ ရေပြွန်ပိတ်တာကတော့ ပိတ်ခွင့်မရှိပါဘူး။ ကျနော်တို့ဆီ စာတင်လာလို့ မြို့နယ်ကို တင်ပြထားပါတယ်” လို့ ပြောပါတယ်။ ကုန်းကန်ကြီးကန်ဟာ ထီးလှိုင်အနောက်ရွာအုပ်စုနဲ့ ရွှေဖလားကန်ကျေးရွာအုပ်စုက တောင်သူတွေအတွက် စိုက်ပျိုးရေပေးနေတဲ့ကန် ဖြစ်ပါတယ်။ ကန်ထဲကို သင်ပုန်းဆည်က ရေလွှဲပေးပြီး လယ်ယာဧက ၁၀၀ ကျော် စိုက်ပျိုးနိုင်ပါတယ်။  ကန်ကြီးမှာ ရေလွှတ်ပြွန် ၄ ခုရှိတဲ့အနက် ကွင်းအမှတ် ၁၅၂၀ ထဲကို ရေပေးတဲ့ ပြွန်ကို ဘိလပ်သရိုးတွေနဲ့  ကန်ကော်မတီအဖွဲ့တွေက လာပိတ်သွားတယ်လို့ သိရပေမယ့် ဘယ်သူ လာပိတ်တယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ကုန်းကန်ကြီးကန်ကို ၂၀၁၈-၁၉ မှာ ဆည်မြောင်းဦးစီးဌာနက ပြန်လည်ပြုပြင်ပေးထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း
4 months Ago
Up