ကန့်ဘလူ ထောင်ကျ လယ်သမားအချို့ တရားထပ်စွဲခံရ

July 18, 2015

ကန့်ဘလူ တွင် ဆည်ရေလျှံ၊ ကျေးရွာအချို့ ရွာလုံးကျွတ်ပြောင်းရွှေ့နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း မိုးများပြီး ဆည်ရေလျှံကျတာကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ပြောင်းရွှေ့နေရပြီး ကားနဲ့ ရထားလမ်းတို့ ရေကျော်နေလို့ လမ်းပန်းဆက်သွယ်ရေးပါ ပြတ်တောက်နေပါတယ်။ ဇူလိုင် ၁၄ ရက်ကနေ ၁၇ ရက်ထိ မိုးဆက်တိုက်ရွာသွန်းပြပြီး မိုးကြီးတာကြောင့် ကန့်ဘလူမြို့နယ်ထဲရှိ မင်းမြင်ဆည်ရေကျော်ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေတာလို့ ကန့်ဘလူမြို့ခံတယောက်က ပြောပါတယ်။ “မင်းမြင်ဆည်ရေလှောင်တမံက ဘောင်အပေါ်ကနေ ရေကျော်တာ၊ အခု လောလောဆယ်ကတော့ မင်းမြင်ဆည်ရဲ့ အောက်နား အနီးမှာရှိတဲ့ ဟင်းဖြူတောရွာ ရေနစ်မှာမို့ ပင်းတဲစံပြရွာကို ရွှေ့နေကြတယ်၊ တရွာလုံး ရွှေ့တယ်၊ အိမ်ခြေ ၂၀၀ လောက်ရှိတယ်။” ကန့်ဘလူနဲ့ ချပ်သင်းကြား မိုင် ၂၀ လောက်ရှိတဲ့ ကားနဲ့ ရထားလမ်းတွေ ရေကျော်နေပြီး အသွားအလာ ပြတ်တောက်နေတယ်လို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာန တိုင်းဦးစီးမှူး ဦးဝင်းမြိုင်က လမ်းပန်းပြတ်တောက်နေတာ အတည်ပြုပြောပြီး လူနဲ့ တိရစ္ဆာန်သေဆုံးမှု မရှိဘူးလို့ ပြောပါတယ်။ “မိုးနည်းနည်းများလို့ လမ်းရေလျှံတာပဲ ရှိပါတယ်။ ကျန်တာတော့ မရှိပါဘူး။ ချပ်သင်းဘက်ကတော့ ဟုတ်တယ်။ ရထားတွေ ခဏရပ်ထားရတယ်။ ဘုတလင်ဘက်က မိုးများလို့ ရေကျော်တာပဲ ရှိပါတယ်။ တချို့နေရာတွေလည်း ရေပြန်ကျသွားပြီလို့ ပြောတယ်။” စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်မှာ မိုးများလို့ လယ်ဧက ၉၀၀၀ ကျော် ရေလွှမ်းခံထားရတယ်လို့ ပြန်ကြားရေးသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ရေတိုက်စားမှုကြောင့် ကောလင်း-ဥမှင်ကုန်း-ကျောက်ပြင်သာ လမ်းပေါ်ရှိ တံတား ၅ စင်းပျက်စီးခဲ့တယ်လို့လည်း သတင်းကဆိုပါတယ်။ ဓာတ်ပုံ - ကိုနိုင်ဖေ့စ်ဘွတ်ခ်    
6 years Ago

June 28, 2015

ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်သတ်မှတ်ပေးရန် ဆန္ဒပြတောင်းဆို

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့် အမြန်ဆုံး တိုးချဲ့သတ်မှတ်ပေးဖို့ ဒေသခံတွေစုပေါင်းပြီး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ကန့်ဘလူမြို့နယ်ကို ခရိုင်အဆင့်တိုးချဲ့သတ်မှတ်ဖို့ နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့က အမိန့်ကြေညာစာထုတ်ပြန်ထားတာပါ။ ဒါပေမယ့် ၃ လနီးပါးကြာလာတဲ့အထိ အစိုးရက တရားဝင် ခရိုင်အဖြစ် ဖွင့်ပွဲကျင်းပတာတွေ မရှိသေးတာကြောင့် ဇွန်လ ၂၇ ရက်နေ့က ဒေသခံတွေ စုပေါင်းပြီး ခရိုင်အဆင့်အဖြစ် အမြန်ဆုံးဖွင့်လှစ်သွားနိုင်ဖို့ ကန့်ဘလူးမြို့မှာ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းဝင်းက “၂၀၁၅ ခုနှစ် မတ် ၃၀ ရက်နေ့က နိုင်ငံတော် ပြည်ထဲရေးဝန်ကြီးဌာနကနေပြီး အမိန့်ကြေညာစာ ၃၅၄ နဲ့ ထုတ်ပြန်ထားပါတယ်။ အမိန့်ထုတ်ထားပေမယ့်လို့ ဒီနေ့ အချိန်ကာလအထိ ကျနော်တို့ မြို့နယ်ဟာ ခရိုင်အဆင့်နဲ့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်တာမျိုးမရှိပါဘူး။ အဲ့တော့ လူထုလည်း ခရိုင်ဖြစ်မှဖြစ်ပါ့မလား ဆန္ဒ တဖွားဖွားပေါ်လာပါတယ်။ လူထုဆန္ဒအရ ဒီနေ့ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်။” ဒီဆန္ဒပြပွဲကို ငြိမ်းချမ်းစွားစုဝေးစီးတန်းလှည့်လည်ဖို့ ခွင့်ပြုရယူပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ ကန့်ဘလူမြို့ ဗောဓိဘုရားကွင်းကနေစပြီး စည်းပင်လမ်း၊ ယဇနလမ်း၊ တပင်ရွှေထီးလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွေကနေ ဗောဓိဘုရားကွင်းမှာ ပြန်လည်စုဝေးခဲ့ပါတယ်။ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအေးက “နိုင်ငံတော်အကြီးအကဲများခင်းဗျား။ ကန့်ဘလူ ခရိုင်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်တဲ့အတွက် မိမိထုတ်ပြန်သော အမိန့်ကိုပြင်ဆင်မယ်ဆိုပါက၊ ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှ နှစ်မြို့နယ်ကို ပြင်ဆင်ပေးပါ။ သို့သော် ထုတ်ပြန်သော အမိန့်ကိုရုပ်သိမ်းမယ်ဆိုပါက၊ ကန့်ဘလူးမြို့နယ် ကျွန်းလှမြို့နယ်နဲ့ တန့်ဆည်မြို့နယ် ရေဦးမြို့နယ် နယ်သူနယ်သားတွေက ကမ္ဘာတည်သရွေ့ စိတ်ဝမ်းကွဲစရာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း နိုင်ငံတော် အကြီးအကဲတွေကို အသိပေးကြေညာလိုက်ပါတယ်” လို့ ပြောပါတယ်။ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်နဲ့ ရေဦး မြို့နယ် ၄ ခုကို ကန့်ဘလူခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းပြီး ရွှေဘိုခရိုင် မြို့နယ်တွေစာရင်းကနေ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ကန်ဘလူးမြို့ခံတွေဖြစ်တဲ့  ဦးအေးနဲ့ ဦးသိန်းဝင်းတို့ ဦးဆောင်တာဖြစ်ပြီး လူဦးရေ ထောင်ချီပါဝင်ခဲ့ကြပါတယ်။  
6 years Ago
Up