ကန့်ကွက်ဆန္ဒပြ

A d v e r t i s e m e n t With Us

March 11, 2019

မြေလွတ်​​မြေရိုင်းဥပ​ဒေကို တမူးမြို့နယ်တွင် ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှာ ဒီနေ့မနက်ပိုင်းက ကူကီး လူငယ်​ကွန်​ရက်​ကနေ ဦးဆောင်ပြီး ကျေးရွာ​နေ ပြည်​သူတွေက ၂၀၁၈ ​မြေလွတ်​​မြေရိုင်းဥပ​ဒေကို ကန့်ကွက်ဆန္ဒထုတ်​​ဖော်ခဲ့ကြပါတယ်။ ကူကီးလူငယ်​ကွန်​ရက်​မှ ဦး​ဆေးကင်​က​ “မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမှာ ပါရှိတဲ့အချက်တွေဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ဓလေ့ထုံးတမ်းအရ စီမံပိုင်ခွင့်တွေကို အသိမှတ်မပြုဘဲ တဖက်သတ်ရေးစွဲထားတဲ့ ဥပဒေဖြစ်တဲ့အပြင် လယ်ယာမြေလုပ်ကိုင်သူတွေကို ကျူးကျော်နေထိုင်စိုက်ပျိုးသူတွေအဖြစ် သတ်မှတ်တဲ့ဥပဒေ ဖြစ်နေတာကြောင့် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပါတယ်” လို့ ပြောပါတယ်။ တမူးမြို့နယ်​အထက်​ပိုင်း ကူကီးတိုင်းရင်​သားတွေ နေထိုင်​တဲ့ ဖိုင်​လင်းရွာ၊ နန်း​အောင်​​မော်​ရွာ၊ အောင်​​ဇေယျရွာ၊ ​စေတီရွာ၊ မန်​​တော်​ရွာ၊ တုံ​ကျော်​၊ သနန်​၊ ​ရွှေ​လေးဘိုလ်​၊ ကျွန်းပင်​သာရွာ၊ ဝက်​ရှူရွာနဲ့​ နောင်​ကစ်​ရွာ ၁၁ ရွာက ကျေးရွာပြည်သူ အ​ယောက်​ ၄၀၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ “ဒီ​နေ့က​ မြေယာဥပ​ဒေ သတ်​မှတ်​တာ​ နောက်​ဆုံးရက်​လည်းဖြစ်​တယ်​။ အဲဒီဥပ​ဒေကို ကူကီးမျိုးနွယ်​ဖြစ်​တဲ့ ကျနော်တို့က လက်​မခံနိုင်​ပါဘူး” လို့ ရွာသား​တဦးက ပြောပါတယ်​။ ဒီဆန္ဒထုတ်ဖော်ပွဲမှာ ​စေတီရွာ၊ ဖိုင်​လင်းရွာ၊ တုံး​ကျော်​ရွာ အပါအဝင် ရွာလေးရွာကို စီးတန်းလှည့်လည်ခဲ့ကြပြီး ၂၀၁၈ ​မြေလွတ်​​မြေရိုင်းဥပ​ဒေကို အလိုမရှိ … အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
2 years Ago

April 7, 2018

ပတ်ဂွန်ဟေးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်မှုအပေါ် ကန့်ကွက်ဆန္ဒပြ

တောင်ကိုရီးယား သမ္မတဟောင်း ပတ်ဂွန်ဟေးကို ထောက်ခံသူ အယောက် ၁ ထောင်လောက် ဆိုးလ်မြို့တော် အလယ်ပိုင်းခရိုင် တရားရုံး အပြင်ဘက်မှာ စုရုံးပြီး ဧပြီ ၆ ရက်က ဆန္ဒပြနေတာကို တွေ့ရတာပါ။ တရားရုံးက ပတ်ဂွန်ဟေးကို ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့လို့ ဆန့်ကျင်ရင်း နိုင်ငံရေးလက်စားချေမှုတွေ အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြတာ ဖြစ်ပါတယ်။ ထောက်ခံသူတွေက နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းရင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားပြီး ပတ်ကိုလိုလားတဲ့ ကြွေးကြော်သံတွေကိုလည်း ဟစ်ကြွေးခဲ့ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာတော့ ထောက်ခံသူတွေရော ဆန့်ကျင်သူတွေပါ ရောထွေး နေတာပါ။ ထောက်ခံသူ အများစုက ပတ်ရဲ့ ဖခင်ဖြစ်သူ တိုင်းပြည်ကို ၁၈ နှစ် အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်ဟောင်း ပတ်ခ်ချုံဟီးကို သတိရတဲ့ သက်ကြီးပိုင်း ရှေးရိုးစွဲ ဝါဒီတွေလို့ မီဒီယာတွေက ရေးပါတယ်။ ဖခင် ပတ်ချုံဟီးရဲ့ အုပ်ချုပ်မှုအောက်မှာ တောင်ကိုရီးယား နိုင်ငံဟာ စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် တရှိန်ထိုး တက်ခဲ့တာပါ။ ပတ်ဂွန်ဟေးကတော့ ၁၉၉၇ အာရှဘဏ္ဍာရေး အကြပ်အတည်းအတွင်း နိုင်ငံရေး လောကထဲ ဝင်ရောက်လာသူ ဖြစ်ပါတယ်။ ပတ်ကို ဆန့်ကျင်ပြီး လနဲ့ချီ ဆန္ဒပြခဲ့တဲ့ ယွန်းအာကတော့ ခု တရားစီရင်မှုဟာ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စီးပွားရေးသြဇာရှင်တို့ကြားက ကိုယ်ကျိုးရှာ ပူးပေါင်းမှုတွေ အဆုံးသတ်ရေး အစိုးရသစ်ရဲ့ အားထုတ်မှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ အသက် ၆၆ နှစ်အရွယ် ပတ်ဟာ အကျပ်ကိုင်မှု၊ အာဏာ အလွဲသုံးစား လုပ်မှုနဲ့ လာဘ်စားမှု အပါအဝင် စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်အပြီး ထောင်ဒဏ် ၂၄ နှစ်အပြင် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၉ သန်းနဲ့ ညီမျှတဲ့ ငွေဒဏ်ကိုပါ ပေးဆောင်ဖို့ တရားရုံးက ဒဏ်တပ်ခဲ့ပါတယ်။ ပတ်ဂွန်ဟေးဟာ မနှစ်က မတ်လ ၃၁ ရက်နေ့ကတည်းက အဖမ်းခံထားရတာပါ။ သူ့ရှေ့နေတွေက တရားရုံး ဆုံးဖြတ်ချက်အတွက် ဝမ်းနည်းကြောင်း ပြောပါတယ်။ အယူခံဝင်ရာမှာ တရားသူကြီးက မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ မျှော်လင့်ကြောင်း ပတ်ရဲ့ ပြည်သူ့ကာကွယ်သူများ အုပ်စုက အဖွဲ့ဝင်တယောက်က ပြောပါတယ်။ ပတ်ဟာ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး သမ္မတပါ။ လုပ်ငန်းစုံ စီးပွားရေးလုပ်ငန်းစုကြီး ၂ ခုရဲ့ အကြီးအကဲတွေ ထောင်ကျအပြီး ကျော်မကောင်း ကြားမကောင်းမှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်ကြောင့် အခြေခံ ဥပဒေ ခုံရုံးက သူ့ကို ရာထူးကဆင်းဖို့ အမိန့်ချခဲ့ပါတယ်။ ပတ်ကတော့ အမှားမလုပ်ထားဘူးလို့ ငြင်းပါတယ်။ ကျန်းမာရေးကို အကြောင်းပြရင်း တရားရုံး ကြားနာပွဲတွေကို မတက်ခဲ့ပါဘူး။
3 years Ago
More News
Up