ကန့်ကွက်

October 26, 2018

Mytel တာဝါတိုင်စိုက်ထူမှု မိတ္ထီလာဒေသခံပြည်သူများ ကန့်ကွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက် နယ်မြေ(၈)မှာ Mytel ကုမ္ပဏီက ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူဖို့ မြေတိုင်း၊ မြေတူးတာတွေကို ဒေသခံတွေက ကန့်ကွက်လို့ ရပ်ထားရတယ်လို့  ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက် ၁၁ နာရီလောက်က အဆိုပါ နေအိမ်တအိမ်ရဲ့ ဝင်းထဲမှာ ဌာနဆိုင်ရာတွေက ခွင့်ပြုထားတဲ့စာနဲ့ Mytel တာဝါတိုင်စိုက်ထူဖို့ မြေတိုင်းခြင်း၊ မြေတူးခြင်းတွေကို ဘေးပတ်ဝန်းကျင်အိမ်တွေ  လက်မခံဘဲ ကန့်ကွက်တာဖြစ်ပါတယ်။ အောင်ဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက “ဌာနဆိုင်ရာ ခွင့်ပြုမိန့်နဲ့ Mytel တာဝါတိုင် လာစိုက်ပါတယ်။ ရပ်ကွက်ထဲက အဲအိမ်နီးနားချင်းတွေက ကန့်ကွက်တားမြစ်ကြတယ်။ ကျနော်ကတော့ ဥပဒေအတိုင်း လုပ်ကြပါ။ ကန့်ကွက်တယ်ဆိုရင် စာနဲ့တင်ပါလို့ ပြောပြတယ်။ Mytel တာဝါတိုင် စိုက်ထူဖို့ အောင်ဇေယျာနယ်မြေ(၈)နဲ့ (၁၄) ဝန်ဇင်းရပ်ကွက် ရေဝေရွာရယ်ဆိုတော့ ၄ နေရာ ခွင့်ပြုထားတဲ့ ခွင့်ပြုမိန့်နဲ့ လာတာပါ” လို့ ပြောပါတယ်။ အောင်ဇေယျာရပ်ကွက်ရာအိမ်မှူး ဦးသီဟန် က “အမျိုးသမီးတွေ ဦးဆောင်ပြီး ကန့်ကွက်ကြတယ်။ သက်ကြီးရွယ်အိုတွေ ရှိနေတာရယ်၊ ဒီလို တိုင်တွေက ဘေးထွက်ဆိုးကျိုး ကြောက်တယ်လို့ ပြောကြတယ်။ မြို့နယ်ကိုတော့ ကန့်ကွက်စာ တင်မယ်ပြောတယ်။ တာဝါတိုင် စိုက်တဲ့အဖွဲ့တွေလည်း ပြန်သွားကြတယ်” လို့ ပြောပါတယ်။ တာဝါတိုင်စိုက်ဖို့ လစာနဲ့ငှားတဲ့ အိမ်ပိုင်ရှင်က အိမ်ဝိုင်း ၂ ခုရှိပြီး လူမနေတဲ့ အိမ်ဝိုင်းကို တာဝါတိုင်စိုက်ဖို့ ငှားလိုက်တာပါ။ ရပ်ကွက်နေ လူ ၂၀ ကျော်လောက်က ကန့်ကွက်ကြောင်း၊ လာပြောဆိုကြပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၃၅/၂၀၁၈ နဲ့ တာဝါတိုင်စိုက်ထူခြင်း ခွင့်ပြုထားပြီး တာဝါတိုင်ဟာ လေယာဉ်ကွင်းနဲ့ နီးနေပေမယ့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ကလည်း ခွင့်ပြုထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
2 years Ago

August 31, 2018

မြန်မာစစ်တပ် တပ်မဟာ ၅ နယ်မြေထဲ ဝင်ရောက်လှုပ်ရှားနေမှု ကေအန်ယူ ကန့်ကွက်

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်က ၀င်ရောက်လှုပ်ရှားနေမှုကို ကန့်ကွက်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စာပေးပို့ထားတယ်လို့ ကေအန်ယူ တပ်မဟာ ၅ ဗိုလ်မှူး အယ်လိုထူးက ဒီဗွီဘီကို ပြောပါတယ်။ ကေအန်ယူ၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ က ၀င်ရောက်လှုပ်ရှားနေတာဟာ  အန်စီအေ အပစ်ရပ်စာချုပ်ပါအချက်နဲ့ ငြိစွန်းနေတဲ့အပြင် နှစ်ဖက် နားလည်မှု ထိခိုက်လာနိုင်တဲ့အတွက် လှုပ်ရှားသွားလာမှုကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ ထိန်းသိမ်း ကြပ်မတ်ပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ကန့်ကွက် အကြောင်းကြားစာပေးပို့ထားတယ်လို့ ပြောပါတယ်။ “သူတို့ဘက်က ဘာမှ အကြောင်းပြန်ကြားတာတို့ လျော့ပေးတာတို့ ဘာမှ မရှိသေးဘူး။ ကျနော်တို့ ဒီအခြေအနေကို စောင့်ကြည့်နေတယ်။ တပ်မတော်ဘက်က ဘာမှတုန့်ပြန်မှု မရှိဘူးဆိုရင် ကျနော်တို့က အထက်အရာရှိတွေပေါ်မှာပဲ မူတည်တယ်။ သူတို့ ဘာဆက်လုပ်မလဲ ဆိုတာတော့ အထက်အရာရှိတွေ အစီအစဉ်ချသွားမယ် ပုံတော့ရှိတယ်”လို့ ပြောပါတယ်။ သြဂုတ်၃၀ ရက် နေ့လည် ၁ နာရီခွဲက တပ်မတော်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေရှိလာသလို သြဂုတ် ၂၈ ရက်မနက် ၉ ခွဲခန့်က တစ်ကြိမ်၊ သြဂုတ် ၂၉ ရက် မနက် ၆ နာရီ ၄၅မိနစ်ခန့်က တစ်ကြိမ် ခမရ ၂ တပ်ရင်းက ၀ဲကြီးကျေးရွာအထိ ၀င်ရောက်လာတဲ့အတွက် နှစ်ဖက်တွေ့ဆုံပြီး တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက်ကပြောပါတယ်။ အဆိုပါကျေးရွာအနီးမှာ တပ်မတော်၊ ဘီဂျီအက်ဖ်၊ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသ ဖြစ်ပါတယ်။ သတင်း - ရဲမင်းခေါင်
3 years Ago
More News
Up