ကန်ဒေါ်လာ  ၃၂၁ ဒသမ ၄၄ သန်း ထောက်ပံ့

December 7, 2017

ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ရောဂါ ၃ မျိုးအတွက် ကန်ဒေါ်လာ  ၃၂၁ ဒသမ ၄၄ သန်း ထောက်ပံ့

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)က ကျန်းမာရေးဝန်ကြီးဌာနကို ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ (၃၂၁ ဒသမ ၄၄) သန်း ထောက်ပံ့လှူဒါန်း လိုက်ပါတယ်။ HIV/ AIDS၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ စတဲ့ ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် လှူဒါန်းလိုက်တာဖြစ်ပြီး  ၂၀၁၈ ခုနှစ်ကနေ  ၂၀၂၀ ခုနှစ်အထိ  ၂ နှစ်အတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ တီဘီရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၀၄ သန်း၊ HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၉၆ သန်း၊ ငှက်ဖျားရောဂါ ကင်းဝေးရေးအတွက် အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၄၄ သန်း ဆက်လက်ထောက်ပံ့လှူဒါန်းခဲ့တာပါ။ ဒီဇင်ဘာ ၆ ရက်က နေပြည်တော်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့  ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)က Dr. Urban Weber ဦးဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုအတွင်း ဆက်လက်ထောက်ပံ့လှူဒါန်းမယ့် အစီအစဉ်ကို ချပြခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက် တွေ့ဆုံမှုအတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ရောဂါကြီး ၃ မျိုး စီမံချက်လုပ်ငန်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အား အကဲဖြတ်ခြင်း ပြုလုပ်မယ့် Office of Inspector General (OIG) အဖွဲ့ လာရောက်မယ့်ကိစ္စ၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ လုံးဝကင်းစင်ရေးအတွက် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် 'RAI2E" စီမံချက်ကိစ္စနဲ့  တီဘီနဲ့ HIV/ AIDS ရောဂါများ တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့က ဆက်လက်ပံ့ပိုးသွားမယ့် အခြေအနေတွေနဲ့စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ Photo : MOI Webportal Myanmar
3 years Ago
Up