ကန်ဒေါ်လာတသန်းနီးပါးတန်ဖိုးရှိ ဆင်စွယ်နှင့် သင်းခွေချပ်ကြေးခွံများ မလေးရှားတွင် သိမ်းဆည်းမိ

August 2, 2017

ကန်ဒေါ်လာတသန်းနီးပါးတန်ဖိုးရှိ ဆင်စွယ်နှင့် သင်းခွေချပ်ကြေးခွံများ မလေးရှားတွင် သိမ်းဆည်းမိ

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်မှာ ဇူလိုင် ၂၉ နဲ့ ၃၀ ရက်တွေက အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိ ဆင်စွယ်နဲ့ သင်းခွေချပ် အကြေးခွံတွေကို မလေးရှား အာဏာပိုင်တွေက ရှာဖွေသိမ်းဆည်းမိခဲ့တယ်လို့ လေဆိပ်အရာရှိတွေက ဒီကနေ့ ပြောပါတယ်။ မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်နေရတဲ့ တိရစ္ဆာန် ထုတ်ကုန်တွေကို အာရှနိုင်ငံ အတော်များများဆီ တရားမဝင် မှောင်ခိုပို့ဆောင်ဖို့အတွက် အဓိကဖြတ်သန်းသွားရတဲ့ လမ်းဆုံနေရာအဖြစ် မလေးရှားနိုင်ငံကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေက  သတ်မှတ်ထားကြတာပါ။ ပြီးခဲ့တဲ့လက မလေးရှားနိုင်ငံက တင်ပို့လိုက်တဲ့ ဆင်စွယ် ၇၂၀၀ ကီလိုဂရမ်ကျော်ကို ဟောင်ကောင်မှာ ဖမ်းမိခဲ့ပါသေးတယ်။ ဒီအရေအတွက်ဟာ နှစ် ၃၀ အတွင်း တကြိမ်တည်းနဲ့ အများဆုံးဖမ်းမိတာ ဖြစ်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့က ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ရဲ့ ကုန်ပစ္စည်းဂိုဒေါင်တခုကနေ အလေးချိန်စုစုပေါင်း ၇၆ ကီလိုဂရမ်ခန့်ရှိတဲ့ ဆင်စွယ် ၂၃ ချောင်းကို လေဆိပ်အရာရှိတွေက ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၆ သောင်း ၄ ထောင်ကျော် တန်ဖိုးရှိတဲ့ အဲဒီဆင်စွယ်တွေကို ယူအေအီးနိုင်ငံ အဘူဒါဘီကတဆင့် နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့ကနေ အီတီဟဒ် (Etihad) လေကြောင်းလိုင်းနဲ့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၃၀ ရက် ညနေဘက်မှာ အမေရိကန်ဒေါ်လာ ၉ သိန်းကျော် တန်ဖိုးရှိတဲ့ ကီလို ၃၀၀ ကျော်ရှိ သင်းခွေချပ်အကြေးခွံ ၆ အိတ်ကို ဆင်စွယ်တွေဖမ်းမိခဲ့တဲ့ ဂိုဒေါင်မှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအကြေးခွံတွေကို ကွန်ဂိုနိုင်ငံကနေ အီသီယိုးပီးယား လေကြောင်းလိုင်းတခုနဲ့ ပို့ဆောင်လိုက်တာပါ။ အဲဒီပစ္စည်းတွေကို လိပ်စာအမှားတွေနဲ့ ပို့လိုက်တာဖြစ်ပြီး လက်ခံမယ့်သူတွေကို ခြေရာခံလို့ မရနိုင်ခဲ့ဘူးလို့ သိရပါတယ်။
4 years Ago
Up