ကန့်သတ်မှု

October 19, 2020

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသည့် အီတလီတွင် ကန့်သတ်မှုများ တိုးမြှင့်ချမှတ်

ရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ထပ်မံမြင့်တက်လာတဲ့ အီတလီနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေ တိုးမြှင့်ချမှတ်လိုက်ပါတယ်။ နှာခေါင်းစည်း mask တပ်ဆင်ထားတဲ့ အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တေးက အခုလို ကန့်သတ်ထိန်းချုပ်မှုစည်းမျဉ်းတွေဟာ “လော့ခ်ဒေါင်းအသစ် ထပ်မံချမှတ်ခံရမှုမျိုးကနေ ရှောင်ကြဉ်နိုင်ဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။ ကန့်သတ်ထိန်းချုပ်မှု စည်းမျဉ်းအသစ်တွေအရ ည ၉ နာရီနောက်ပိုင်း အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို သွားလာမှုတွေ ပိတ်ပင်လိုက်သလို စားသောက်ဆိုင်တွေ၊ လူစုလူဝေးနဲ့ သွားလာမှုတွေကိုပါ ပိတ်ပင်ထားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ အီတလီနိုင်ငံမှာ တရက်တည်း စံချိန်တင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အရေအတွက် မြင့်တက်ခဲ့တဲ့နောက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်တရက်တည်းမှာတင် အီတလီနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၁၁,၇၀၅ ယောက်ရှိနေခဲ့ပြီး အဲဒီနေ့မတိုင်ခင် တရက်ကတော့ ၁၀,၉၂၅ ယောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အီတလီနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဥရောပနိုင်ငံတွေထဲမှာ အဆိုးဝါးဆုံး ထိခိုက်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူအရေအတွက် ၄၁၄,၀၀၀ ယောက်နဲ့ သေဆုံးသူ ၃၆,၅၀၀ ယောက်နဲ့ ဥရောပမှာ သေဆုံးမှုဒုတိယ အများဆုံးနိုင်ငံ ဖြစ်နေခဲ့တာပါ။ ဝန်ကြီးချုပ်က အောက်တိုဘာ ၁၈ ရက်က ရုပ်သံကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာတော့ “ကျနော်တို့ အချိန်တွေ ထပ်မဖြုန်းနိုင်တော့ပါဘူး။ လော့ခ်ဒေါင်းထပ်မလုပ်ရစေဖို့ ကန့်သတ်ထိန်းချုပ်မှုတွေ ချမှတ်ရပါမယ်။ အစိုးရဘက်က ဒီမှာအသင့်ရှိနေပါတယ်၊ ဒါပေမဲ့ ပြည်သူတွေက လုပ်ဆောင်ရမယ့် အရာတွေကို လုပ်ရပါမယ်။ အရေးအကြီးဆုံး အပိုင်းတွေထဲမှာ အခြေခံလိုက်နာစရာတွေဖြစ်တဲ့ နှာခေါင်းစည်း Mask တပ်ဆင်တာ၊ လူစုလူဝေး ရှောင်ကြဉ်တာနဲ့ လက်ဆေးတာမျိုးတွေ တကိုယ်ရေ ကျန်းမာရေးအသိတွေပါပဲ။ ကျနော်တို့ ဒီအခြေအနေမှာ အမြင့်မားဆုံး ကြိုတင်ကာကွယ်လိုက်နာဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ မဖြစ်မနေ လိုက်နာကြရမယ့် ကန့်သတ်ထိန်းချုပ်မှုအသစ်တွေထဲမှာတော့ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ လူ ၆ ယောက်ထက် ပိုပြီးစုဝေးစားသောက်မှုတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘဲ ညနေ ၆ နာရီနောက်ပိုင်းမှာဆိုရင် ဆိုင်ထိုင်စားသောက်မှုတွေကို မဖြစ်မနေ Table Service နဲ့သာ ခွင့်ပြုဖို့တွေ ပါဝင်နေတာပါ။ တခြားကန့်သတ်မှုတွေအနေနဲ့ ည ၉ နာရီနောက်ပိုင်းမှာ အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံလို၊ ရင်ပြင်လိုနေရာတွေ၊ လမ်းတွေကို ပိတ်ထားမှာဖြစ်သလို အပျော်တမ်း အားကစားပြိုင်ပွဲတွေကို ရပ်ဆိုင်းဖို့၊ ပါတီတွေ၊ ပွဲတော်တွေ၊ တခြားသော အများပြည်သူနဲ့ဆိုင်တဲ့ ကွန်ဖရင့်တွေ၊ ကွန်ဗင်းရှင်းတွေကို ဆိုင်းငံ့ထားဖို့တွေ ပါဝင်နေပါတယ်။ နောက်ပြီး အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ စာသင်ချိန်တွေကို ရွှေ့ဆိုင်းလိုက်ပြီး အဝေးရောက်အွန်လိုင်းသင်ခန်းစာနဲ့ သင်ကြားမှုတွေကို ပိုတွန်းအားပေး လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်က ပြောပါတယ်။ လတ်တလောမှာတော့ ဒီကန့်သတ်ထိန်းချုပ်မှုတွေကို ချမှတ်ဆဲကာလဖြစ်ပြီး အားကစားရုံတွေ၊ ရေကူးကန်တွေ စတဲ့ နေရာတွေနဲ့ဆိုင်တဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကိုတော့ ခုသီတင်းပတ်အတွင်းမှာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ကန့်သတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းချုပ်မှုအသစ်အရ အောက်တိုဘာ ၁၈ ရက်နေ့ ည ၁၂ နာရီကနေ လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့အထိ လိုက်နာကြဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
1 year Ago

September 19, 2020

နှစ်နိုင်ငံ ကုန်သွယ်ခွင့် ကန့်သတ်မှုကြောင့် ထိုင်းက နေ့စဉ်ဘတ်သန်း ၁၀၀ ခန့် ဆုံးရှုံး

ထိုင်း-မြန်မာ ကုန်သွယ်ခွင့် ကန့်သတ်မှုတွေကြောင့် ထိုင်းဘက်က နေ့စဉ်ဘတ် သန်း ၁၀၀ နီးပါးဆုံးရှုံးနေပြီး မြန်မာဘက်ကတော့ လတ်တလောမှာ ဆုံးရှုံးမှု မရှိသေးပေမဲ့ ရေရှည်မှာ ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ ပေါ်က ကုန်သွယ်ခွင့်ကို ကားအစီးရေ တစ်နိုင်ငံကို ၆ စီးသာ ဖြတ်သန်းခွင့်ပြုထားတာကြောင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှာ မော်တော်ယာဉ်ပေါင်း ၁၀၀ ကျော် ပိတ်ဆို့နေတာပါ။ ထိုင်းနိုင်ငံမြောက်ပိုင်းအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းလောက် ပြတ်တောက်သွားသလိုဖြစ်တာကြောင့် နေ့စဉ် ဘတ် သန်း ၁၀၀ နီးပါးဆုံးရှုံးနေတယ်လို့ ထိုင်းနိုင်ငံ ချင်းရိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက www.aewna.com သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “ထိုင်းကုန်သည်တွေအနေနဲ့ နေ့စဉ် ဘတ်သန်း ၈၀ နဲ့ ဘတ် ၁၀၀ နီးပါးဆုံးရှုံးနေတာပါ။ ဒါကိုအမြန်ပြေလည်ဖို့ဆိုရင် နှစ်ဖက်အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးညှိနှိုင်းဆွေးနွေးစေချင်တယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်ထက် သွင်းကုန်အများဆုံးရှိနေတာကြောင့် ရက်တိုမှာ ထိခိုက်မှုမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ထိခိုက်လာနိုင်တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက ညွှန်ကြားရေးမှူး ဦးစိန်ဝင်းကပြောပါတယ်။ “အခုလက်ရှိတော့ ထိုင်းနိုင်ငံလို ကြီးကြီးမားမား ထိခိုက်မှုတော့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီကို သွင်းကုန်အများဆုံးမို့လိုပါ။ ရေရှည်ဆိုရင်တော့ ကုန်သွယ်မှုထိခိုက်လာနိုင်ပါတယ်။ အခုလောလောဆယ် ပို့ကုန်တချို့တော့ ရပ်နားထားရတဲ့ အခြေအနေမှာတော့ ရှိပါတယ်” လို့ ပြောပါတယ်။ တာချီလိတ်ကနေ ထိုင်းနိုင်ငံကို အဓိက ပို့ကုန်အနေနဲ့ မဂ္ဂနိဒိုင်အောက်ဆိုဒ်သတ္တုအပါအဝင် ဒေသထွက်ကုန် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ သစ်ခေါက်တို့ကို တင်ပို့နေတာဖြစ်ပေမယ့် ထိုင်းနိုင်ငံထက်စာရင် ပို့ကုန်တန်ဖိုး နိမ့်ကျနေသေးတာကြောင့် ထိခိုက်မှု မရှိနိုင်သေးတာပါ။ ဒီလို ကားအစီးအရေကန့်သတ်ပြီး ကုန်သွယ်နေရတာကြောင့် မယ်ဆိုင်မြို့မှာ ဆီဘောက်ဆာကားအပါအဝင်၊ အိမ်ဆောက်ပစ္စည်းနဲ့ ဒေသတွင်း အခြေခံစားသောက်ကုန်တွေ တင်ထားတဲ့ ကားတွေဟာ မြန်မာဘက်ခြမ်းကို ဝင်ခွင့်မရဘဲ ပိတ်ဆို့နေတာပါ။ စက်တင်ဘာ ၁၇ ရက်နေ့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဝန်က ထိုင်းနိုင်ငံထဲ မြန်မာနိုင်ငံသားတွေကတဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိအောင် ကားအစီးပေါင်း ၁၆၈ စီးသာ ဝင်ခွင့်ပြုပြီး မြန်မာနိုင်ငံသားတွေကို ဝင်ရောက်ကုန်တင်ခွင့်ကန့်သတ်လိုက်တာကြောင့် မြန်မာအာဏာပိုင်တွေက တနေ့ကို ထိုင်းကား ၆ စီး၊ မြန်မာနံပါတ်တပ်ကား ၆ စီး ပေါင်း ၁၂ စီးသာ ကုန်သွယ်ခွင့်ပြုလိုက်တာပါ။ သတင်း - ကိုဇက်
1 year Ago
More News
Up