ကန့်သတ်ချက်အသစ်

June 28, 2021

ကိုဗစ်ကာကွယ်ရေး ကန့်သတ်ချက်အသစ်များ ထိုင်းအစိုးရထုတ်ပြန်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံး ကူးစက်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့ မြို့တော်ဘန်ကောက် ပတ်လည်မှာ ကန့်သတ်ချက်အသစ်တွေကို ထိုင်းအစိုးရက ဇွန် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ကန့်သတ်ချက်အသစ်ကို ဇွန် ၂၈ ရက်ကစပြီး ရက် ၃၀ ကြာ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပြီး ဘန်ကောက်မြို့တော်နဲ့ အနီးဝန်းကျင် ပြည်နယ်  ၅ ခုက စားသောက်ဆိုင်တွေမှာ ထိုင်စားခွင့် တားမြစ်ပိတ်ပင်ချက်လည်းပါဝင်ပါတယ်။

 ဒီကာလအတွင်းမှာ ဘန်ကောက်နဲ့ ပြည်နယ် ၅ ခုက ကုန်တိုက်တန်းတွေကို ည ၉ နာရီမှာ ပိတ်ရမှာ ဖြစ်ပြီး လူအယောက် ၂၀ ထက် ပိုစုဝေးမယ့် ပါတီတွေ ပွဲလမ်းသဘင်တွေနဲ့ လှုပ်ရှား မှုတွေကိုလည်း တားမြစ်ပိတ်ပင်မယ်လို့  ထိုင်းတော်ဝင်ပြန်ထမ်းအမိန့်စာမှာ ဖော်ပြပါတယ်။

 နေရာ ၆ ခုက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကိုလည်း ပိတ်ထားရမှာဖြစ်ပြီး အစုလိုက် ကူးစက်မှု ထိန်းချုပ်ရေးအတွက် အလုပ်သမားတန်းလျားတွေကို ပိတ်ထားမယ်လို့လည်း ဆိုပါတယ်။

 မြို့တော်ဘန်ကောက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အစုလိုက် ကူးစက်မှု အရေးပေါ် အခြေအနေ ပေါ်ပေါက်အပြီး ဒီအမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

 ဘန်ကောက်မှာ လုပ်သား အယောက် ၈၁၀၀၀ နေထိုင်ရာ အလုပ်သမား တန်းလျား ၅၇၅ ခု ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 ဘန်ကောက်က အလုပ်သမား တန်းလျားတွေမှာ အစုလိုက် ကူးစက်မှု ၃၇ ခု ကို မေလကနေ အခုကြား တွေ့ရှိထားပါတယ်။

 ဆောက်လုပ်ရေးလုပ်သားတွေ နေရာရွှေ့ပြောင်းတာနဲ့ ခရီးသွားတာကို ကန့်သတ်ဖို့ ဘန်ကောက်နဲ့ ပြည်နယ် ၅ ခုမှာ စစ်ဆေးရေးစခန်းတွေကို အာဏာပိုင်တွေက တပ်ချ ထားပါတယ်။

 အလားတူ မလေးရှားနယ်စပ်နားက တောင်ပိုင်း ပြည်နယ် ၄ ခုမှာလည်း စစ်ဆေးရေးစခန်းတွေ တပ်ချထားဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။

1 year Ago

September 10, 2020

ဗြိတိန်တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် ကန့်သတ်ချက်အသစ်များ ထုတ်ပြန်

ဗြိတိန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တဖန်ပြန်မြင့်တက်လာခဲ့ပြီး လူစုလူဝေးပွဲတွေနဲ့ပတ်သက်လို့ ကန့်သတ်ချက် အသစ်တွေကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  စက်တင်ဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။  ၆ ယောက် စည်းမျဉ်းလို့ ခေါ်တဲ့  လူ ၆ ယောက်ထက်ပိုပြီး စုဝေးတာကို တားမြစ်တဲ့ ကန့်သတ်ချက်အသစ်ကို  ဝန်ကြီးချုပ်က ကြေညာခဲ့တာပါ။  ဒီအစီအစဉ်ဟာ တနိုင်ငံလုံးကို လော့ဒေါင်းချတာမဟုတ်ဘဲ ဒုတိယအကြိမ် လော့ဒေါင်းချတာကို ရှောင်လွှဲဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။   စည်းမျဉ်းတွေကို ရဲတပ်ဖွဲ့နဲ့ တခြားအေဂျင်စီတွေက ကြပ်မတ်သွားမယ်လို့လည်း ဝန်ကြီးချုပ်က အလေးထားပြောဆိုပါတယ်။  ဒါ့အပြင် "moonshot" plan ဆိုတဲ့ လူအများအပြားကို ကိုဗစ်-၁၉ ရှိမရှိ အမြန် စစ်ဆေးတဲ့   အစီအစဉ်ကိုလည်း ကြေညာခဲ့ပါတယ်။  လူအများအပြားအား စစ်ဆေးတဲ့နည်းဟာ ဗိုင်းရပ်စ်မရှိဘူးလို့ အတည်ပြုထားသူတွေကို ကင်းလွတ်ခွင့် ပြုမယ်လို့လည်း သိရပါတယ်။  မကြာသေးခင် ရက်တွေအတွင်း ဗြိတိန်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တရှိန်ထိုး စတင်မြင့်တက်လာပြီး ဝန်ကြီးချုပ် ဂျွန်ဆင်အနေနဲ့ ဒေါင်းနင်းလမ်းရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရသလို တခြားဝန်ကြီးတွေနဲ့လည်း ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး နေ့စဉ် အစီရင်ခံတာတွေ လုပ်ခဲ့ပါတယ်။   စည်းကမ်းချက်အသစ်တွေထဲမှာ လုပ်ငန်းခွင်နဲ့ ကျောင်းတို့ မပါဝင်ဘဲ သာရေး၊ နာရေးနဲ့ အားကစားပွဲတွေကိုလည်း ခြွင်းချက်ပေးသွားမှာ ဖြစ်ပါတယ်။ စကော့တလန်၊ ဝေလနဲ့မြောက်အိုင်ယာလန်တို့မှာတော့ ကိုယ်ပိုင်လော့ဒေါင်း မူဝါဒတွေ ချမှတ်ထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။   
2 years Ago
Up