ကနေဒါပေါ့ပ်စတား

March 19, 2020

ဂျပ်စတင်ဘီဘာက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပရိသတ်များကို သတိပေး

နာမည်ကျော် ကနေဒါပေါ့ပ်စတား ဂျပ်စတင်ဘီဘာက ပရိသတ်တွေကို လတ်တလော ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးသတိပေးချက်တွေအတိုင်း အရေး တယူလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ လတ်တလောမှာတော့ ဒီဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့ ကပ်ရောဂါတခုလို ဖြစ်လာ နေခဲ့တာမို့ နာမည်ကျော် ဆယ်လီတွေဖြစ်ကြတဲ့ Billie Eilish ၊ Bebe Rexha ၊ Taylor Swift နဲ့ Ariana Grande တို့ကလည်း သူတို့ရဲ့ ပရိသတ်တွေကို တိုက်တွန်းခဲ့အပြီးမှာ ဂျပ်စတင်ဘီဘာက ပရိတ်သတ်တွေကို ခုလိုသတိပေး တိုက်တွန်းလိုက်တာပါ။ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှတဆင့် ဘိုးဘွားတွေကိုလည်း ကယ်တင်စေ လိုကြောင်းနဲ့ ခုချိန်ဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ အချိန်ဖြစ်ပေမယ့် အားလုံးကို ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ သတိပေးချက်တွေ၊ လမ်းညွှန်ချက်တွေနဲ့အညီ အလေးထားလုပ်ဆောင်ကြဖို့၊ လိုက်နာကြဖို့နဲ့ တိကျသေချာတဲ့ ဘယ်အဖြေမှ မရသေးခင်မှာ ဂရုတစိုက်နေထိုင်သွားလာကြဖို့ ရေးသားဖော်ပြလိုက်တာပါ။ အသက် ၂၆ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျပ်စတင်ဘီဘာဟာ ဆယ်ကျော်သက် ကလေးဘဝအရွယ်ကတည်းက ဂီတလောကထဲ ရောက်ရှိအောင်မြင်လာခဲ့သူ တဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ဖြစ်တဲ့ Changes တေးအယ်လ်ဘမ်ထွက်ရှိထားခဲ့ကာ ဂါက သူ့ရဲ့ ၅ ချပ်မြောက် တေးအယ်လ်ဘမ်ဖြစ်လာတာပါ။ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်နေကြရတဲ့ ဂျပ်စတင်ဘီဘာဟာ အချစ်ရေး၊ မူးယစ်ဆေးနဲ့ ပတ်သက်မှုတွေ၊ ရှုပ်ထွေးတဲ့ ဆက်ဆံရေး အခြေအနေတွေ ရှိခဲ့ပေမယ့် ဂီတလောကမှာတော့ အောင်မြင်ထင်ရှားတဲ့ သူတယောက် ဖြစ်ပါတယ်။ ချစ်သူ နာမည်ကြီး အဆိုတော် ဆလီနာဂိုးမက်ဇ်နဲ့ ဇာတ်လမ်းတွေဟာ ဟိုးလေး တကြော်ဖြစ်ခဲ့ကြပြီး ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ရှိနေခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ လမ်းခွဲခဲ့ကြပြီး ဘီဘာဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်မော်ဒယ် ဟိုင်လေဘောလ်ဒွင်နဲ့ လက်ထပ်ထားပါတယ်။
2 years Ago
Up