မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ဒေါနတော်လှန်ရေးရဲဘော်တွေ ရိုက်ကူးတဲ့ “ဖိုးမောင် ပြန်လာပြီ” ရုပ်ရှင်ပြပွဲနဲ့ ရန်ပုံငွေဈေးရောင်းပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဆာရေးရှိ Gateway မြန်မာခရစ်ယာန်ဘုရားကျောင်းမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၁၄ ရက်က ကျင်းပပါတယ်။
ဒီရုပ်ရှင်ပြပွဲကို ရုပ်ရှင်လက်မှတ်တစောင်လျှင် ကနေဒါဒေါ်လာ ၁၂ ဒေါ်လာနှုန်းနဲ့ ပွဲစဉ် ၂ ပွဲခွဲပြီး ပြသရာမှာ ရာနဲ့ချီတဲ့ ကနေဒါရောက် မြန်မာပြည်သားတိုင်းရင်းသားတွေ လာရောက် အားပေးကြည့်ရှုခဲ့ ကြပါတယ်။
ဒီပြပွဲမှာ မြန်မာပြည်တွင်း တော်လှန်ရေးနယ်မြေတွေအသီးသီးမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေကလည်း ဗီဒီယိုရုပ်သံတွေပေးပို့ကာ စစ်မြေပြင်တိုက်ပွဲတွေ အခြေအနေကို သတင်းစကားပါးခဲ့သလို တော်လှန်ရေးအောင်မြင်ဖို့ ပါဝင်ကူညီပေးကြဖို့ အသီးသီးတိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီပွဲကနေရတဲ့ ရုပ်ရှင်လက်မှတ်ရောင်းရငွေတွေကိုတော့ ရုပ်ရှင်အဖွဲ့ထံလှူဒါန်းသွားမှာဖြစ်ပြီး မြန်မာရိုးရာအစားအစာတွေ ရောင်းချလို့ရတဲ့ အလှူငွေတွေကိုတော့ မြန်မာပြည်တွင်း လိုအပ်တဲ့ လူသားခြင်းစာနာအကူအညီအတွက် ပေးပို့သွားမယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
ဒီရုပ်ရှင်ကားကတော့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ "ဖိုးမောင် လာပြီ" ဆိုတဲ့ ကဗျာကိုကျောရိုးယူပြီးတော့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော်လေးတယောက်ကို ဇာတ်ကောင်ထားလို့ ရိုက်ကူးထားခဲ့တာပါ။
ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် တပ်စုမှူး တိုက်မောင်းက တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး ဒေါနစစ်ကြောင်းထဲမှာရှိတဲ့ ရဲဘော်တွေရော၊ တော်လှန်ရေးနယ်မြေထဲက ရဲဘော်တွေပါ စုပေါင်းသရုပ်ဆောင် ဖန်တီးထားကြပါတယ်။
တော်လှန်ရေးအတွက် ရန်ပုံငွေ ရရှိနိုင်ဖို့ ဖန်တီးတင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကို ကနေဒါအပြင် တခြားနိုင်ငံတွေမှာလည်းပြသနေပြီး လက်မှတ် တစောင်ကို စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၁၀၊ ထိုင်းဘတ် ၃၀၀ စသဖြင့် နိုင်ငံအလိုက် သတ်မှတ်ထားပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် Fundraiser တွေကတဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကပရိတ်သတ်တွေအတွက်လည်း ရုပ်ရှင်လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနှုန်းနဲ့ ကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။
ကနေဒါနိုင်ငံ ဗြိတိသျှ-လံဘီယာ ပြည်နယ်ရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းသုံး ဓာတုပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကုန်သင်္ဘော တစီး အောက်တိုဘာ ၂၃ ရက်မှာ မီးလောင်ခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင် ဘေးအန္တရာယ်အပါအဝင် အခြေအနေတွေကို အကဲဖြတ်ဖို့ ကနေဒါ ကမ်းရိုးတန်းစောင့်တပ်ဟာ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်နဲ့အတူ လုပ်ကိုင်နေတယ်လို့ ကနေဒါကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
MV Zim Kingston သင်္ဘောပေါ်က သင်္ဘောသား ၁၀ ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပြီး ကျန်ငါးယောက်ကတော့ မီးငြှိမ်းသတ်ဖို့ သင်္ဘောပေါ်မှာ ကျန်နေခဲ့တယ်လို့ ကနေဒါ ကမ်းရိုးတန်းစောင့်တပ်က စနေနှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
လောလောဆယ် ကုန်သေတ္တာ ၁၀ လုံး မီးလောင်နေပြီး မီးက ဆက်ကူးနေဆဲဖြစ်ပေမဲ့ သင်္ဘောကိုတော့ မီးမလောင်သေးဘူးလို့ ကနေဒါ ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
သင်္ဘောပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ကုန်သေတ္တာ အလုံး ၄၀ ကို ခြေရာခံဖို့ အမေရိကန်နဲ့ လက်တွဲ လုပ်ဆောင်နေတယ် ဒီကုန်သေတ္တာတွေဟာ ပင်လယ်သတ္တဝါတွေအပေါ် သိသိသာသာ ဘေးသင့်စေနိုင်တယ်လို့ ပြောပါတယ်။
သင်္ဘောဟာ ဟွမ်ဒေဖူကာ ရေလက်ကြားရဲ့အနောက်ပိုင်းမှာ ပြင်းထန်တဲ့ ရာသီဥတုကို ကြုံခဲ့ရတယ်လို့ အောက်တိုဘာ ၂၂ ရက်က ကြေညာထားပါတယ်။