ကနေဒါတရားရုံး

September 29, 2020

ကနေဒါတရားရုံးတွင် ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ် စတင်တရားရင်ဆိုင်

ဟွာဝေးနည်းပညာလုပ်ငန်းစုရဲ့ ဘဏ္ဍာရေးဆိုင်ရာအရာရှိချုပ် မုန့်ဝမ်ကျိုးဟာ ကနေဒါ တရားရုံးကို စက်တင်ဘာ ၂၈ ရက်မှာ ရောက်လာပါတယ်။ သူ့ကို အမေရိကန်နိုင်ငံထဲမှာ တရားစီရင်နိုင်ရေး ကနေဒါကနေ လွှဲပေးမယ့်အစီအစဉ်ကို ပိတ်ဆို့ဟန့်တားဖို့ တရားရေးတိုက်ပွဲကို သူ့ရှေ့နေက စတင်ကြိုးစားနေပါတယ်။ အသက် ၄၈ နှစ်အရွယ် မုန့်ဟာ အမေရိကန်ဆီက ဝရမ်းနဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ဖမ်းခံခဲ့ရတာပါ။ အီရန်နဲ့ပတ်သက်နေတဲ့ ဟွာဝေးလုပ်ငန်းစုရဲ့ စီးပွားရေး အပေးအယူတွေနဲ့ပတ်သက်ပြီး HSBC ဘဏ်ကို အာရုံလွှဲဖို့ ဘဏ်ကို လိမ်ညာမှုနဲ့ သူ့ကို အမေရိကန်အစိုးရက တရားစွဲထားပါတယ်။ သူ့လုပ်ရပ်ဟာ အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်မှုဥပဒေကို HSBC ဘဏ်က ချိုးဖောက်သလိုဖြစ်အောင် လုပ်ရာရောက်တယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ ဟွာဝေးရဲ့ ရှေ့နေတွေကတော့ အမေရိကန်ရဲ့ လွှဲယူရေး တောင်းဆိုချက်ဟာ အပြစ် အနာအဆာ ရှိနေတယ်။ အီရန်နိုင်ငံထဲက ဟွာဝေးရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မုန့်ဝမ်ကျိုးက HSBC ကို မလိမ်ဘူးဆိုတဲ့ အဓိကသက်သေကို ဖယ်ချန်ထားခဲ့တယ်လို့ ပြောပါတယ်။ ဟွာဝေးတည်ထောင်သူ သူကြွယ်ကြီး ရန်ကျန်းဖှေးရဲ့သမီး မုန့်ဝမ်ကျိုးကတော့ သူဟာ အပြစ်ကင်းတယ်။ ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ နေအိမ်အကျယ်ချုပ်ချခံရာက အမေရိကန်ဆီကို လွှဲပေးမခံရအောင် တိုက်နေတယ်လို့ ပြောပါတယ်။ သူ့ကိုဖမ်းဆီးမှုကြောင့် တရုတ်နဲ့ အမေရိကန်၊ ကနေဒါတို့နဲ့ ဆက်ဆံရေး မချောမွေ့ဖြစ်ခဲ့ပါတယ်။ သူ ဖမ်းဆီးထိန်းသိမ်းခံရပြီးတဲ့နောက် တရုတ်အစိုးရက ကနေဒါ နိုင်ငံသား ၂ ယောက်ကို သူလျှိုမှုနဲ့ ဖမ်းဆီး တရားစွဲခဲ့ပါတယ်။
8 months Ago
Up