စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မဲဒင်(မ)ကျေားရွာအနီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာ ဇူလိုင်လ ၄ ရက်နေ့က မုံရွာမှ မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာကို ရေယာဉ်မောင်း ချစ်ဖြိုး မောင်းနှင်ဆန်တက်လာတဲ့ မင်းမြတ်သူ-၁ လူစီးအမြန်ရေယာဉ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
မီးစလောင်တဲ့အချိန်က ၁ နာရီ ၅၀ မိနစ်ခန့်မှာ ဆီပိုက်ပေါက်ရာက အင်ဂျင်ပေါ် ဆီစက်ကျပြီး မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မြို့နယ်မီးသတ်၊ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။ မီးလောင်မှုကြောင့် အင်ဂျင်စက်၊ စက်ခန်းနှင့် လူစီးထိုင်ခုံ အလုံး ၂၀၊ ခရီးသည်တွေရဲ့ပစ္စည်းအချို့ ဆုံးရှုံးမှုရှိခဲ့ပြီး အမြန်ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေ အသေအပျောက် မရှိဘူးလို့ သိရပါတယ်။
မီးလောင်တာကို အမြန်ယာဉ်ပေါ် ပါလာသူတွေနဲ့ မဲဒင်ကျေးရွာ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ ၂ နာရီ ၁၄ မိနစ်ခန့်အချိန်မှာ မီငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အမြန်ယာဉ်ပေါ်မှာ ရစက စာရင်းတွေအရ မ ၁၆ယောက်၊ ကျား ၂၈ ယောက် ပေါင်း ၄၄ ယောက် လိုက်ပါခဲ့တယ်လို့ ဖော်ပြထားပြီး ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက် ကနဦးသတင်းတွေအရ မ ၂၀ ယောက်၊ ကျား ၃၃ ယောက် စုစုပေါင်း ၅၃ ယောက်တို့ လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမြန်ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်အားလုံးကို မဲဒင်ကျေးရွာမှာ စောင့်ရှောက်ထားပြီး ရေယာဉ်မောင်း ချစ်ဖြိုးကိုတော့ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ကလည်း ချင်းတွင်းမြစ် ကနီမြို့နယ်အတွင်းမှာပဲ ကုန်တင်ရေယာဉ်တစီး မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ-အွန်လိုင်း
6 years Ago