ကနီမြို့တွင်လေပြင်းတိုက်၊

May 7, 2017

ကနီမြို့တွင်လေပြင်းတိုက်၊ အိမ်ခြေ ၂၀၀ ကျော်နှင့် သာသနိကအဆောက်အဦများပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့မှာ မေလ ၆ ရက်နေ့က မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးအနားက ကျေးရွာတွေမှာ သစ်ပင်တွေလဲကျ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးမှု များခဲ့ပါတယ်။ လတ်တလောရရှိထားတဲ့ သတင်းတွေအရ အိမ်ခြေ ၂၆၂ အိမ်၊ သာသနိက အဆောက်အဦ ၄ ခု၊ စာသင်ကျောင်း ၇ ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦ ၉ ခုနဲ့  အခြားအဆောက်အဦ  ၉ ခုတို့ ပျက်စီးသွားတယ်လို့ဆိုပါတယ်။ ကနီမြို့ပေါ်မှာတော့ သစ်ပင်တွေနဲ့  လမ်းမီးတိုင်တွေလဲပြို ပျက်စီးခဲ့တဲ့အတွက် စစ်တပ်၊ ရဲ၊ မီးသတ်၊ စည်ပင်နဲ့ ပြည်သူတွေက ဝိုင်းဝန်းရှင်းလင်းနေကြပါတယ်။ သဘာဝဘေးဒဏ် ခံစားခဲ့ရတဲ့ ကနီမြို့ကို  စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့အဖွဲ့ လာရောက်ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ပါတယ်။ ဒေသခံတွေပြောကြားချက်အရ ဆုံရှုံးပျက်စီးမှုစာရင်းက တိုးလာနိုင်ဖွယ်ရှိပြီး တပတ်လောက်တော့ အနည်းဆုံးရှင်းလင်းရဦးမယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာကတော့ စာရင်းတွေ ဆက်လက်ကောက်ယူနေဆဲပါ။ သတင်း-ဓာတ်ပုံ- အောင်ကိုလတ်
4 years Ago
Up