ကနီမြို့နယ်

January 31, 2023

အရာတော်တွင် စစ်အုပ်စုက အမျိုးသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်၊ ကနီမြို့နယ်၌ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး နှလုံးသွေးလန့်သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသားတဦးကို စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ဇန်နဝါရီ ၃၀ ရက် ည ၈ နာရီလောက်မှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့မနက်မှာ အလောင်းကိုပြန်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငွေတွင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုကျော်မင်းစိုး၊ ကိုရှစ်ဗိုလ်၊ ကိုကျော်နိုင်တို့ကို မေးမြန်းစရာရှိတယ်ဆိုပြီး စစ်သားနဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။

“ဖမ်းသွားသူတွေထဲက တယောက်ကို ဒီမနက်မှာ မိသားစုကို အလောင်းလာပြန်ယူခိုင်းတယ်။ ကျန်နှစ်ယောက်ကိုတော့ ဖမ်းထားသေးတယ်။ ဒီလို ဖမ်းစစ်ပြီးရင် သူတို့ မသင်္ကာတဲ့သူတွေ လက်လွန်ပြီး သေတာတွေ ရှိပါတယ်။ မဟုတ်ရင်တောင် ရွာခံတွေကို အကြောင်းမဲ့ဖမ်းပြီးရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းလေ့ရှိပါတယ်။”

ငွေတွင်းကျေးရွာမှာ စစ်သား ၁၀ ယောက်ဝန်းကျင်၊ ပျူစောထီး ၅၀ ခန့်နဲ့ ပျူစောထီးစခန်း ပြုလုပ်ထားပြီး ကျေးရွာအတွင်းက PDF ထောက်ခံသူ၊ NLD ထောက်ခံသူတွေလို့ သူတို့ထင်တဲ့သူတွေကို မကြာခဏ ဖမ်းဆီးစစ်ဆေးတာမျိုးတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြောပါတယ်။

ကိုကျော်မင်းစိုး အသတ်ခံရတာကို သိထားသူတွေနဲ့ နီးစပ်သူတွေရဲ့ ဖုန်းတွေကို ကျေးရွာအတွင်း ပျူစောထီးတွေက သိမ်းဆည်းသွားပြီး ရွာအဝင်အထွက်တွေကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ကိုဆန်တက်ပြီး ပြည်သူမိသားစု လိုက်ပါလာတဲ့ စက်လှေကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ရာမှာ စက်လှေပေါ်ရှိ အမျိုးသမီးတယောက် နှလုံးသွေးလန့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းက ယင်းမာပင်မြို့နယ်ကနေ ဆန်တက်လာတဲ့ မိသားစုလိုက်ပါလာတဲ့ စက်လှေကို စစ်ကောင်စီတပ်ဖွဲ့ ရေယာဉ်က ပစ်ခတ်ခဲ့တာဖြစ်ပြီး စက်လှေပေါ်ရှိ မိသားစုအနက် မမာမာဝင်းဆိုသူမှာ နေရာမှာတင် နှလုံးရောဂါဖောက်ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒေသခံတဦးက “သေဆုံးသူက ကနီမြို့နယ် ယင်းယိမ်ရွာကပါ။ ယင်းမာပင်ကနေ သူတို့ရွာကို စက်လှေနဲ့ ပြန်လာတာကို စစ်တပ်ရေယာဉ်က သေနတ်နဲ့ပစ်တာ။ အဲ့လိုပစ်တော့ နှလုံးရောဂါရှိလို့ ဆေးကုနေရသူက နှလုံးသွေးလန့် သေဆုံးသွားတယ်။ ဒါ အကြောင်းမဲ့ သက်သက် ရမ်းကားပစ်ခတ်တာ။ နောက်ပြီး အဲ့လိုသေလို့ ဘာတာဝန်ယူမှု ဘာတာဝန်ခံမှုမှ မရှိဘူး” လို့ ပြောပါတယ်။

ပစ်ခတ်မှုအပြီး သေဆုံးသူနဲ့ သူ့ရဲ့မိသားစုကို စစ်ကောင်စီတပ်ဖွဲ့က နေရပ်ကို စက်လှေ ဆက်လက်ဆန်တက်ခွင့်မပေးဘဲ သပြေတောကျေးရွာကနေ မြစ်ကြောင်းပြန်လှည့်ခိုင်းခဲ့တယ် လို့ သိရပါတယ်။

သေဆုံးသူ ရုပ်အလောင်းကိုတော့ ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်ဘေးရှိ ကျေးရွာတရွာမှာ သင်္ဂြိုဟ်လိုက်ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းတွင်းမြစ်ကြောင်းအတွင်း ဖြတ်သန်းသွားလာနေတဲ့ သူတို့တပ်ဖွဲ့ရဲ့ ထောက်ပို့ရေယာဉ်တွေအတွက် လုံခြုံရေးယူတဲ့အနေနဲ့ မြစ်ကြောင်းဘေးရှိ ကျေးရွာတွေမှာ တပ်စခန်းချတာတွေလည်း ရှိနေပါတယ်။

5 days Ago

November 4, 2022

ကနီမြို့နယ်တွင် တော်လှန်တန်ဆောင်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ နယ်မြေမငြိမ်မသက်ဖြစ်နေတဲ့ကြားမှ တော်လှန်ပြည်သူတွေက ဦးဆောင်ပြီး တော်လှန်တန်ဆောင်တိုင်  စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကို ဒီနေ့ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ 

“တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့၊  ကနီမြို့နယ်သပိတ်စစ်ကြောင်း၊ ၅/ကနန လူထုသပိတ်” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန္ဒပြခဲ့ကြတာပါ။   

သပိတ်ဦးဆောင်သူတွေက စစ်အာဏာရှင်ဆန်ကျင်ရေး တရားတွေ ဟောပြောခဲ့ကြသလို ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအား အလေးပြုပြီး သွေးသစ္စာသီချင်း သံပြိုင်သီဆိုကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

3 months Ago
More News
Up