ကတ်တလန်ဒေသ ခွဲထွက်ရေးလှုပ်ရှားသည့် ခေါင်းဆောင် ၂ ဦးကို စပိန်အစိုးရ ဖမ်းဆီး

October 17, 2017

ကတ်တလန်ဒေသ ခွဲထွက်ရေးလှုပ်ရှားသည့် ခေါင်းဆောင် ၂ ဦးကို စပိန်အစိုးရ ဖမ်းဆီး

ကတ်တလန်ဒေသကို စပိန်ကနေ ခွဲထွက်ဖို့ လှုပ်ရှားမှုမှာ အဓိကကျတဲ့ ခေါင်းဆောင် ၂ ဦးကို စပိန်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုထားတဲ့ အဲဒီခေါင်းဆောင် ၂ ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြီးဆုံးသည်အထိ ဖမ်းဆီးထိန်းသိမ်းထားဖို့ စပိန်တရားရုံးချုပ်က အောက်တိုဘာ ၁၆ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးကို စပိန်နိုင်ငံ မက်ဒရစ်မြို့တော် ဆိုတိုဒယ်ရီယယ် အကျဉ်းထောင်ကို အောက်တိုဘာ ၁၆ ရက်က ပို့ဆောင်လိုက်ပါတယ်။ ကာတာလိုးနီးယားဒေသ ခွဲထွက်ရေးနဲ့ပတ်သက်ပြီး ကတ်တလန် အမျိုးသားအစည်းအရုံး အေအန်စီအဖွဲ့ ခေါင်းဆောင် ဂျိုရဒီဆန်းချက်နဲ့ အောက်ခြေလူထုကို ကိုယ်စားပြုတဲ့ အွန်မနီယွန် (Omnium) အဖွဲ့က  ဂျိုရဒီကွီဆတ်တို့ကို ကတ်တလန်ခွဲထွက်ရေး ဆန္ဒပြမှုတွေမှာ စည်းရုံးလှုံ့ဆော်ခဲ့သူတွေဖြစ်တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားတာပါ။ စပိန်တရားရုံးချုပ်ဟာ ကတ်တလန်ရဲချုပ် ဂျိုးဆက်လူးဝစ်ထရာပေဒိုကိုလည်း စပိန်ကနေ ထွက်ခွာသွားလာခွင့် ပိတ်ပင်လိုက်ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းဆည်းလိုက်ပါတယ်။ ကတ်တလန်ရဲချုပ်ကို ဖမ်းဆီးထိန်းသိမ်းခြင်း မရှိပေမယ့် နိုင်ငံတော်ပုန်ကန်မှုနဲ့ စုံစမ်းစစ်ဆေးနေဆဲ ကာလအတွင်း စပိန်ကနေ ထွက်ခွာသွားလာခွင့်ကို ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up