ကိုလံဘီယာ နိုင်ငံက ELN သူပုန်တွေက ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ဆက်ဆွေးနွေးမယ်လို့ ကတိပြုလိုက်ပါတယ်။
ကိုလံဘီယာနိုင်ငံမှာ လက်ရှိ အကြီးဆုံးအနေနဲ့ လှုပ်ရှားနေဆဲ သူပုန်အုပ်စုဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတပ် (ELN) က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျောခိုင်းသွားမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကတိပြုလိုက်ပါတယ်။
“အခက်အခဲတွေကြောင့်တော့ ပဋိပက္ခအတွက် နိုင်ငံရေးအဖြေကို လမ်းပိတ်မထားနိုင်ဘူး။ အနာဂတ်အတွက် အခု အားထုတ်မှုကို ဝန်းရံဖို့ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူ အားလုံးကို ဆော်သြတယ်” လို့ ELN ထိပ်တန်း စစ်ဦးစီးမှူး နီကိုးလပ်စ်ဂါဘီနို ရိုဒရီဂဲ့ဇ်က ပြောပါတယ်။
အပြန်အလှန် အပစ်အခတ် ရပ်စဲရေး သဘောတူကာလကတော့ ဇန်နဝါရီ ၉ ရက်မှာ အဆုံးသတ်မှာပါ။
ငြိမ်းချမ်းရေး ကော်မရှင် မင်းကြီးရုံးကရော အစိုးရဘက်ကပါ ချက်ချင်းတုံ့ပြန်မှု မရှိသေးပါဘူး။
အပြန်အလှန် အပစ်အခတ်ရပ်စဲရေးက အောက်တိုဘာ ၁ ရက်နေ့မှာ စခဲ့တာပါ။
တိုက်ပွဲတွေ လျော့သွားပေမယ့် သူပုန်အုပ်စုဘက်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်၊ တိုင်းရင်းသား ခေါင်းဆောင်တယောက်ကို သတ်ဖြတ်ပြီး တခြား တရားမဝင် လက်နက်ကိုင်အုပ်စုနဲ့လည်း တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။
ELN ကလည်း အစိုးရစစ်တပ်ဟာ သူပုန်နယ်မြေကို သိမ်းပိုက်ဖို့ အပစ်အခတ် ရပ်စဲရေးကို အခွင့်ကောင်းယူတယ်။ ကိုကာစိုက်တဲ့ အရပ်သားတွေအပေါ် စစ်တပ်က ထိုးစစ်ဆင်တယ် စွပ်စွဲပါတယ်။
ရိုမန်ကက်သလစ် သင်းအုပ်ဆရာတွေ ဦးဆောင်တဲ့ ELN သူပုန်တပ်မှာ တပ်သား အယောက် နှစ်ထာင်လောက် ရှိပါတယ်။
သူတို့ကို အမေရိကန်နဲ့ ဥရောပသမဂ္ဂက အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ် ထားပါတယ်။
ကိုလံဘီယာ အစိုးရဟာ ၂၀၁၆ မှာ ဖှားသူပုန်တွေနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုပြီး သူပုန် အဖွဲ့ဝင် တသောင်းတထောင်ကျော်ကို လက်နက်ချရင်း လူ့အဖွဲ့အစည်းထဲ ပြန်ဝင်ခွင့် ပြုခဲ့ပါတယ်။
ELN နဲ့ တခြားအုပ်စုတွေကတော့ ဆက်လက် လှုပ်ရှားဆဲပါ။
ကိုလံဘီယာ နှစ်ငါးဆယ်ကျော် ပြည်တွင်းစစ်အတွင်း လူ အယောက် နှစ်သိန်းနှစ်သောင်းကျော် သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
5 years Ago