ကညွတ်ကွင်း

June 5, 2021

ကညွတ်ကွင်းမြို့တွင် ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ မြောက်ခုံးကျော်လမ်းမှာ ဇွန်လ ၄ ရက်နေ့ ည ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေရှိနေပြီး ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့လက်နက်ကိုင်တွေ ထပ်ရောက်လာကာ သေနတ်နဲ့ ပစ်ဖောက်၊ လမ်းသွားလမ်လာတွေကို ဆဲဆိုခဲ့ပြီး အနီးအနားမှာရှိတဲ့ လူငယ်တဦးကိုလည်း ရိုက်နှက် ဖမ်းဆီးသွားတယ်လို့  ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း  သတင်းပေးဒလန်ရဲ့ နေအိမ်အပါအဝင် နေရာတချို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ 

1 year Ago

May 27, 2021

ကညွတ်ကွင်းမြို့အနီး ရထားလမ်းတွင်မိုင်းကွဲပြီး စာပို့ရထားလမ်းချော်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး ရထားလမ်းမှာ  မေ ၂၆ ရက် ညပိုင်းက ပေ​ါက်ကွဲမှုဖြစ်ပွားပြီး အစုန်ရထားတစ်စီး လမ်းချော်သွားကာ လူတွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကညွတ်ကွင်းမြို့ရဲ့ မြောက်ဘက်အထွက် ညောင်ပင်သာမြို့နဲ့ ကညွတ်ကွင်းမြို့အကြားမှာ မိုင်းပေါက်တာကြောင့် အမှတ်(၂) အစုန် စာပို့ရထားလမ်းချော်သွားခဲ့တာဖြစ်ပါတယ်။ 

ကညွတ်ကွင်းဒေသခံတစ်ဦးက "ရထားတစ်စီး လာတော့မယ်ဆို ရင်တပ်နဲ့ရဲ အင်အားအများကြီးနဲ့ စစ်ကောင်စီဘက်က လုံခြုံရေးယူထားတာ။ လုံခြုံရေးအပြည့်ပေးထားတဲ့ရထားမှ မိုင်းထိတယ်ဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ သူတို့သုံးတဲ့ ရထားဆို အမြဲပြည်သူစီးတဲ့ရထားတွေ နောက်ကသိပ်မကွားတဲ့အချိန်မှာ လိုက်လာတာကိုလည်း သတိထားမိတယ်။ မိုင်းထိ ရင်ပြည်သူတွေ စီးတဲ့ရထားထိပေါ့ဗျာ။ ဒီသဘောပဲ"လို့ ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့်  မီးရထား အစုန်လမ်းပိတ်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးနဲ့ လမ်းပိုင်းပြင်ဆင်နေကြပါတယ်။

ဖြူးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်တွေဟာလည်း မြို့တိုင်းလိုလိုမှာ သွားလာလှုပ်ရှားနေကာ အရပ်ဝတ်တွေနဲ့ပါ လှုပ်ရှားနေကြပါတယ်။

1 year Ago
More News
Up