မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျေဒန်ဆန်ချိုကိုခေါ်ယူနိုင်ဖို့အတွက် ငွေကြေးသုံးစွဲနိုင်မှုကို မြှင့်တင်ဖို့ ကစားသမား ၆ ဦးအထိ ရောင်းထုတ်သွားဖို့ပြင်ဆင်နေပါတယ်။
ယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆီဗီလာအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီး ၂၀၁၉-၂၀ ဘောလုံးရာသီ ကို ဖလားလက်မဲ့ အရှုံးနဲ့အဆုံးသတ်ခဲ့ရပါတယ်။
ဒီပွဲစဉ်မှာ ဆိုးလ်ရှားရဲ့အသင်းဟာ အခွင့်အရေးတွေများစွာဖန်တီးနိုင်ခဲ့ပေမယ့် ပင်နယ်တီတစ်ဂိုးသာ ရရှိခဲ့တာကြောင့် ဆန်ချိုလို တိုက်စစ်ကစားသမားမျိုးသာရှိရင် ဒီထက်ပိုကောင်းတဲ့ ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့မယ်လို့ ထောက်ပြမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီပွဲစဉ်အပြီးမှာ အသင်းရဲ့ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ်က ကာလရှည်စောင့်ကြည့်ထားတဲ့ဆန်ချိုကို အရခေါ်ယူသင့်တယ်လို့အသင်းကို အကြံပြုပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဆန်ချိုရဲ့ဒေါ့မွန်အသင်းက သူတို့ကစားသမားကိုပေါင် ၁၀၈ သန်းရရှိမှသာ ရောင်းချသွားမယ်လို့ တင်းခံနေတာပါ။
ယူနိုက်တက်အသင်းဟာ တခြားကလပ်အသင်းတွေလိုပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေရှိနေပြီး ဆိုးလ်ရှားအနေနဲ့ ဆန်ချိုအပြင်တခြား ကစားသမားတွေကိုလည်း ခေါ်ယူအားဖြည့်ချင်တာကြောင့် ကစားသမားတွေကို ရောင်းထုတ်ပြီး အပြောင်းအရွေ့အသုံးစရိတ်ကိုရှာဖွေဖို့ရှိနေတယ်လို့ The Evening Standard သတင်းမှာ ဖော်ပြပါတယ်။
အသင်းကနေရောင်းမယ်လို့ သတင်းတွေထွက်ပေးနေတဲ့ ကစားသမားတွေထဲက တစ်ဦးဟာ နောက်ခံ လူခရစ္စစမောလင်းဖြစ်ပါတယ်။
ဆိုးလ်ရှားကိုယ်တိုင်က စမောလင်းဟာ နောက်ရာသီမှာအသင်းကိုပြန်ရောက် လာဖို့ရှိတယ်ပြောပေမယ့် သူကိုစီရီးအေနဲ့ ပရီးမီးယားလိဂ်အသင်းတွေက လိုချင်နေတာကြောင့် ရာင်းချသွားဖို့ အလားအလာများနေပါတယ်။
ဒုတိယတစ်ဦးကတော့ နောက်တန်းလူ ရိုဟိုဖြစ်ပြီး သူ့ကိုအသင်းကနေထွက်ခွာခွင့်ပေး လိုက်ခြင်းက ပိုက်ဆံရရှိနိုင်ဖွယ်မရှိပေမယ့် သူ့ကိုပေးချေနေရတဲ့ လစာပမာဏကို လျှော့ချနိုင်ဖို့ရှိနေပါတယ်။
အနာဂတ်မသေချာတော့တဲ့ နောက်ထပ်ကစားသမား ၄ ဦးကတော့ ပရဲရား၊ လင်ဂတ်၊ ဒါးလော့နဲ့ ဖီးလ်ဂျုံးတို့ပါ ။
ပရဲရားကို ခေါ်ယူဖို့ ဘင်ဖီကာအသင်းက စိတ်ဝင်စားနေပြီး လက်စတာ၊ အဲဗာတန်နဲ့ ဝက်စ်ဟမ်း အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေကတော့ လင်ဂတ်ကို ခေါ်ယူဖို့ ချိတ်ဆက်သွားဖွယ် ရှိနေပါတယ်။
ဆီဗီလာကို ရှုံးနိမ့်တဲ့ပွဲအပြီး ကစားသမားအသစ် ခေါ်ယူမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက “ကစားသမားအသစ်ခေါ်ဖြစ်မလားနဲ့ ဘယ်အချိန် ခေါ်ဖြစ်မယ်ဆိုတာ မသိပေမယ့် ကျနော်တို့ ဒီကိစ္စကို ဆောင်ရွက်နေပါတယ်။ ခေါ်ယူတဲ့အခါမှာလည်း ၁၀၀ ရာခိုင်နှုန်း သေချာမှုရှိဖို့လိုအပ်ပါတယ်။ ကျနော်တို့အနေနဲ့ အရည်အချင်းကို ဦးစားပေးသွားမှာဖြစ်ကာ အစုအဖွဲ့နဲ့ အံဝင်မယ့်ခေါ်ယူမှုမျိုးကိုပဲ ဆောင်ရွက်သွားမှာ”လို့ ပြောပါတယ်။
6 months Ago