ကစားသမား ၃ ဦး

September 3, 2020

နေမာအပါအဝင် ပီအက်စ်ဂျီကစားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

နေမာအပါအဝင် ပီအက်စ်ဂျီကစားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ပြင်သစ်သတင်းတွေမှာဖော်ပြပါတယ်။  နေမာဟာ ဘိုင်ယန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီးကတည်းက အားလပ်ရက်အဖြစ် အိုင်ဘီဇာကမ်းခြေကို ရောက်ရှိနေသူပါ။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့သတင်းကြောင့် သူဟာ စက်တင်ဘာ ၁၀ ရက်နေ့ ကစားမယ့် ပီအက်စ်ဂျီအသင်းရဲ့ လန်းစ်နဲ့လီဂူးအဖွင့် ပွဲစဉ်အပြင် ၁၃ ရက် ကစားမယ့် မာဆေးလ်နဲ့ဒါဘီပွဲစဉ်တို့ကိုလည်း လွဲချော်သွားရဖို့ ရှိနေပါတယ်။  နေမာအပြင် ဒီမာရီယာနဲ့ လန်ဒရို ပရီဒတ်စ်တို့လည်း ကူးစက်ခံထားရပြီး သီးသန့်ခွဲခြားနေထိုင်နေတယ်လို့ L’Equipe သတင်းမှာဖော်ပြပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ပီအက်စ်ဂျီအသင်းဘက်ကလည်း မနေ့က ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး “ကစားသမား ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြိး စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နေကြောင်း၊ လာမယ့် နေ့တွေမှာလည်း ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ ပိုးနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေ ထပ်မံဆောင် ရွက်သွားမယ်” လို့ ရေးသားထားပါတယ်။  လီဂူးပွဲစဉ်တွေဟာ ပြန်လည်စတင်နေပေမဲ့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တာကြောင့် ကစားသမားတွေ အနားယူနိုင်ဖို့ အဖွင့်ပွဲစဉ်ကို ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ပိုးတွေ့လူနာရှိနေပေမယ့် ပီအက်စ်ဂျီနဲ့ လန်းစ်အသင်းနဲ့ပွဲစဉ်ကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ၄ ဦးမြောက် ကစားသမားမှာ ပိုးတွေ့ခဲ့ပါက ပွဲစဉ်ကို ရွှေ့ဆိုင်းရမှာဖြစ်ပါတယ်။  နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာတော့မယ်လို့ မကြာခဏဆိုသလို သတင်းကြီးခဲ့သူဖြစ်ပေမဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ လုံးဝထွက်ခွာ မှာ မဟုတ်ဘူးလို့ မကြာသေးခင်က  ပြောဆိုခဲ့ပါတယ်။  “ကျနော် ပီအက်စ်ဂျီမှာ နောက်တစ်ရာသီဆက်နေမှာပါ။ ကျနော် ဒီအသင်းမှာဆက်နေ  ပြီးတော့ နောက်ထပ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတစ်ခုဆီ ရောက်ရှိအောင် ကြိုးစားသွားမှာပါ။ ဒီတစ်ကြိမ်တော့ အနိုင်ရဖို့ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ 
10 months Ago

August 29, 2020

မက်ဆီအတွက် ကစားသမား ၃ ဦး အလိုက်ပေးကမ်းလှမ်းမည့်သတင်း မန်စီတီး ငြင်း

မက်ဆီကို ခေါ်ယူဖို့ ပထမအသင်းကစားသမား ၃ ဦးဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗား၊ ရီယာ့ဒ်  မာရတ်ဇ်နဲ့ ဂါဘရီရယ်ဂျီးဆပ်တို့ကို အလိုက်ပေးသွားမယ်ဆိုတဲ့ သတင်းတွေကို မန်စီးတီး အသင်းဘက်က ငြင်းဆန်ခဲ့ပါတယ်။  ဒီနွေရာသီမှာ ဘယ်ကစားသမားအတွက်နဲ့မှ ဒီလိုအလဲအလှယ်မျိုးလုပ်မှာ မဟုတ်ဘူးလို့  လည်း ပြောပါတယ်။  မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်လို့ ပြောဆိုထားသူဖြစ်ပြီး မန်စီတီးကို ရောက်ရှိတော့မယ်လို့ သတင်းကြီးနေသူဖြစ်ပါတယ်။  မက်ဆီနဲ့ မန်စီတီးအသင်းနည်းပြ ဂွါဒီယိုလာတို့အကြား အပြောင်းအရွှေ့နဲ့ပတ်သက်လို့ စကားပြောဆိုမှုတွေ လုပ်ထားပြီးဖြစ်ပေမယ့် မမှန်ကန်တဲ့သတင်းတွေ ထွက်ပေါ်နေခြင်းက သူတို့အပြောင်းအရွှေ့ကိစ္စမှေ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေဖြစ်လာမှာကို မန်စီတီးအသင်း ဘက်က စိုးရိမ်နေပါတယ်။ အကောင်းဆုံး ကစားသမားဆု ၆ ကြိမ်ရရှိထားတဲ့ မက်ဆီသာ မန်စီတီးအသင်းကို ရောက်ရှိ လာခဲ့မယ်ဆိုရင်  ဒါဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အကြီးမားဆုံးသော အပြောင်းအရွှေ့ကိစ္စ ဖြစ်လာ နိုင်ဖို့ ရှိနေပါတယ်။  မန်စီတီအသင်းဟာ အသက် ၃၃ နှစ်ရွယ် အာဂျင်တီးနားတိုက်စစ်မှူးနဲ့ပတ်သတ်တဲ့ ခန့်မှန်းချက်တွေကို သတိထားပြောဆိုနေပေမယ့် အပြောင်းအရွှေ့ကိစ္စအတွက် ကစားသမားအများ အပြားနဲ့အလိုက်  ပေးကမ်းလှမ်းသွားမယ်ဆိုတာမျိုးကိုတော့ ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ်။   မက်ဆီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကစားသမားအလိုက်ပေးမှုရှိခဲ့မယ်ဆိုရင်တောင် နောက်ခံလူတွေဖြစ်တဲ့ အဲရစ်ဂါစီယာနဲ့အန်ဂျီလီနိုတို့ ဖြစ်လာနိုင်ပြီး ဒီကစားသမားတွေဟာ အောက်တိုဘာ ၅ ရက် အပြောင်းအရွှေ့ကာလမကုန်ဆုံးခင်မှာ ဘာစီလိုနာအသင်းကို ရောက်ရှိ ကောင်း ရောက်ရှိသွားနိုင်ပါတယ်။  ဒါပေမယ့် ဘာနာဒို၊ မာရတ်ဇ်နဲ့ ဂျီးဆက်စ်တို့ကတော့ အသင်းကနေ ထွက်ခွာမသွားဖို့ သေချာသလောက်ရှိနေပါတယ်။  ဒီကစားသမား ၃ ဦးဟာ ဂွါဒီယိုလာရဲ့အသင်းလူစာရင်းမှာ အရေးပါတဲ့နေရာကနေ ပါဝင်နေသူတွေဖြစ်ပြီး နောက်ရာသီမှာလည်း အသင်းရဲ့အဓိကကစားသမားတွေအဖြစ် ပွဲထွက်လာဖို့ ရှိနေပါတယ်။  ဒါပေမယ့် စပိန်ကစားသမား ၂ ဦးဖြစ်တဲ့ ဂါစီယာနဲ့ အန်ဂျီလီနိုတို့ကတော့ ကွဲပြားတဲ့ အခြေ အနေမှာ ရှိနေပါတယ်။  ဂါစီယာဟာ  အရင်ကတည်းက ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွေ့တော့မယ်လို့ သတင်းကြီးနေသူဖြစ်ပြီး အသင်းနဲ့စာချုပ် ၁ နှစ်ပဲ ကျန်တော့တဲ့အနေအထားမှာ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပါတယ်။  ဒါ့အပြင် လိုက်ပစ်ဇ်မှာ အငှားသွားကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်ဂျီလီနိုကလည်း ဘာစီလိုနာအသင်းဘက်က စုံစမ်းမှုတွေလုပ်ဆောင်ထားခဲ့ပြီးဖြစ်ပါတယ်။   
10 months Ago
Up