ကစားသမားသစ်ခေါ်ရန်

April 20, 2019

လာမည့်ရာသီ ကစားသမားသစ်ခေါ်ရန် စပါးအသင်း ပေါင်သန်း ၂၀၀ ခန့် ဘတ်ဂျက်ရနိုင်

စပါးအသင်းဟာ လာမယ့်ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့အတွက်  ပေါင်သန်း ၂၀၀ ခန့် ဘတ်ဂျက်ရနိုင်တယ်လို့ သိရပါတယ်။ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာတော့ အသင်းဘက်က အပြောင်းအရွှေ့မှာ အသုံးပြုဖို့အတွက် ဘတ်ဂျက်ချပေးမှာဖြစ်သလို ကစားသမား ရောင်းချရာကနေ ရရှိမယ့် ငွေကြေးကိုလည်း ပေါင်းစပ်အသုံးပြုခွင့်ရတော့မယ်လို့ သိရပါတယ်။ စပါးအသင်း ဥက္ကဋ္ဌ လီဗိုင်းဟာ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့အတွက် နည်းပြ ပိုချက်တီနိုကို ပေါင်သန်း ၆၀ ငွေထုတ်ပေးမှာဖြစ်သလို အသင်းမှာရှိတဲ့ ကစားသမားတချို့ကို ရောင်းချရာကနေ ရရှိမယ့် ငွေကြေးကိုလည်း အပြောင်းအရွှေ့မှာ အသုံးပြုခွင့်ပေးမှာ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြခဲ့ပါတယ်။ စပါးအသင်းမှာ ကွင်းလယ်ကစားသမား အဲရစ်ဆင်၊ ဝမ်ယာမာ၊ နောက်ခံလူတွေဖြစ်တဲ့ အယ်လ်ဒါဝီယယ်၊ ထရစ်ပီယာ၊ ဒန်နီရို့စ်နဲ့ မိုနာကိုအသင်းမှာ အငှားချထားတဲ့ အမ်ကူဒူတို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် စပါးအသင်းအနေနဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ နီးပါး ရရှိသွားနိုင်ပြီး ထိပ်တန်းကစားသမားသစ် ၅ ဦးကို ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
2 years Ago
Up