ကစားသမားသစ်များ မွေးထုတ်ရေး မသန်စွမ်း

December 5, 2017

ကစားသမားသစ်များ မွေးထုတ်ရေး မသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပနေ

လာမယ့် ဖိလစ်ပိုင် ပါရာဂိမ်းအတွက် ရည်ရွယ်ပြီးတော့ မသန်စွမ်း ကစားသမားသစ်တွေ မွေးထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် နိုင်ငံအဆင့် မသန်စွမ်းအားကစားပြိုင်ပွဲကို ကျင်းပနေပါတယ်။ ၂၉ ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲကို ရန်ကုန်မြို့ မြောက်ဒဂုံမှာရှိတဲ့ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။ လူကောင်းကစားသမားတွေ ရှားပါးနေချိန်မှာ မသန်စွမ်းကစားသမားသစ် မွေးထုတ်နိုင်မှု အပိုင်းမှာလည်း လိုအပ်ချက်တွေ များစွာရှိနေခဲ့ပါတယ်။ မသန်စွမ်းအားကစားသမားတွေဟာ ပုံစံမျိုးစုံနဲ့ မသန်စွမ်းကြတာဖြစ်လို့ ပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ဖို့ ကစားသမားလိုအပ်ချက်တွေ မြင့်မားနေခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းကစားသမားတွေဟာ အဖွဲ့ချုပ်နဲ့ လာရောက်ချိတ်ဆက်ပြီး ပူးပေါင်းနိုင်တာကို မသိရှိတာကြောင့်လည်း ကစားသမားသစ်တွေ မွေးထုတ်နိုင်မှုအပိုင်းမှာ အခက်အခဲတွေ ရှိနေခဲ့တာပါ။ အခုပြိုင်ပွဲမှာ မသန်စွမ်းကစားနည်း ၁၃ မျိုးကို ထည့်သွင်းကျင်းပနေပြီးတော့ ပြီးခဲ့တဲ့ မလေးရှားပါရာဂိမ်းမှာ အောင်မြင်ခဲ့တဲ့ ကစားနည်းတွေလည်း ပါဝင်ပါတယ်။ ပြည်နယ်နဲ့တိုင်းအားလုံးက ပြိုင်ပွဲဝင်ကစားသမား ၂၀၀ ကျော် လာရောက် ယှဉ်ပြိုင်နေ ပြီးတော့ ဒီပြိုင်ပွဲကနေ ဖိလစ်ပိုင်ပါရာဂိမ်းအတွက် ကစားသမားသစ်တွေ ရှာဖွေနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကစားနည်းအမျိုးအစား ၁၃ မျိုးကတော့ ထိုင်လျက် ဘော်လီဘော၊ ဝှီးချဲဘက်စကက်ဘော၊ ဂိုးလ်ဘော၊ မျက်မမြင်ဘောလုံး၊ ရေကူး၊ အလေးမ၊ စစ်တုရင်၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် အစရှိတဲ့ ကစားနည်းတွေကို ပြည်နယ်နဲ့ တိုင်းပေါင်းစုံက မသန်စွမ်း အားကစားသမားတွေနဲ့ ဝန်ကြီးဌာနတွေက မသန်စွမ်းများလည်း ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။ မြန်မာ မသန်စွမ်း အားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ မလေးရှားပါရာဂိမ်းမှာ ရွှေတံဆိပ် ၁၁ ဆု၊ ငွေတံဆိပ် ၁၅ ဆုနဲ့ ကြေးတံဆိပ် ၁၇ ဆုနဲ့ စုစုပေါင်း ဆုတံဆိပ် ၄၃ ထိရရှိပြီး နိုင်ငံအလိုက် အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
4 years Ago
Up