ကစားစရာသေနတ်ဖြင့် ဘဏ်ဓားပြတိုက်သူကို လုံခြုံရေးဝန်ထမ်းက ပစ်ခတ်ဖမ်းဆီး

December 31, 2016

ကစားစရာသေနတ်ဖြင့် ဘဏ်ဓားပြတိုက်သူကို လုံခြုံရေးဝန်ထမ်းက ပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

ဘရာဇီးနိုင်ငံမှာ ကလေးကစားစရာသေနတ်တလက်နဲ့ ဘဏ်တခုတွင်း ဓားပြဝင်တိုက်ခဲ့သူတဦးကို ဘဏ်လုံခြုံရေးဝန်ထမ်းက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘရာဇီးနိုင်ငံ၊ လူးကပ်စ်ဒိုရီယိုဘာဒေးမြို့မှ ဘဏ်တခုအတွင်းမှာ ဖြစ်ခဲ့ပြီး အသက် ၂၀ အရွယ် ရော့ဘ်ဆင် ဂျာဒင်းမ်ဒေါ့စ်ဆန်းတို့စ် အမည်ရတဲ့ ဓားပြအမျိုးသားဟာ ဘဏ်တွင်းကို ဝင်ရောက်လာခဲ့ပြီး သေနတ်ကို ပြကာ လုံခြုံရေးဝန်ထမ်းကို ချိန်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် လုံခြုံရေးဝန်ထမ်းဟာ သူ့ကို ရုတ်တရက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် သူတို့ ၂ ဦးလုံးဟာ လုံးထွေးသတ်ပုတ်နေကြချိန်မှာ ဓားပြလက်ထဲက သေနတ်ဟာ ကြမ်းပြင်ပေါ်ကျသွားခဲ့ပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့တာပါ။ အဲဒီသေနတ်ဟာ ကလေးကစားစရာသေနတ်တုမှန်း သိသွားတဲ့ လုံခြုံရေးဝန်ထမ်းဟာ သူ့ကို ကြမ်းပြင်ပေါ်တွန်းလှဲချလိုက်ပြီး တိုက်ခိုက်ခဲ့တာပါ။ အဲဒီအချိန်မှာ ဘဏ်ရဲ့ အပြင်ဘက်ကစောင့်နေတဲ့ ဓားပြရဲ့အဖော်က အချက်ပြချိန်မှာ လုံခြုံရေးဝန်ထမ်းက သေနတ်နဲ့ ပြတင်းမှန်ကိုခွဲကာ ပစ်ခဲ့တာကို တွေ့ရပါတယ်။ ရော့ဘ်ဆင် ဂျာဒင်းမ်ဒေါ့စ်ဆန်းတို့စ်ဟာ ဘဏ်တွင်းကနေ လွတ်မြောက်နိုင်ရေး အပေါက်ဝဆီ ထွက်ပြေးဖို့ ကြိုးစားခဲ့ချိန်မှာတော့ လုံခြုံရေးဝန်ထမ်းက သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခဲ့လို့ ကြောက်လန့်ပြီး ထိုင်ချလိုက်ကာ လုံခြုံရေးဝန်ထမ်းဆီမှာ လက်နက်ချ အဖမ်းခံခဲ့တာပါ။ အဲဒီနောက် သူ့ကို ကြမ်းပြင်မှာ တရွတ်တိုက်ဆွဲခေါ်ခဲ့ပြီး သေနတ်နဲ့ချိန်ထားခဲ့ကာ ဖမ်းဆီးထားနိုင်ခဲ့ပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ အဆိုအရ ရော့ဘ်ဆင် ဂျာဒင်းမ်ဒေါ့စ်ဆန်းတို့စ်မှာ လုံခြုံရေးဝန်ထမ်းပစ်လိုက်တဲ့အတွက် ဝမ်းဗိုက်နဲ့ နားမှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆာအို လူးကပ်စ်ဆေးရုံမှာ အရေးပေါ်ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကြံရာပါနောက်တဦးကိုတော့ ဆက်လက်စုံစမ်းရှာဖွေနေဆဲ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up