ကင်မရွန်

October 25, 2020

ကင်မရွန်းနိုင်ငံ ကျောင်းတခုကို သေနတ်သမားများ ဝင်စီးပစ်ခတ်သဖြင့် ကလေး ၆ ဦးသေဆုံး

ကင်မရွန်းနိုင်ငံ အန်ဂလိုဖုန်းအနောက်တောင်ဒေသမှာ သေနတ်သမားတွေက ကျောင်းတ ကျောင်းကို အောက်တိုဘာ ၂၄ ရက်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့လို့ ကလေး ၆ ယောက်ထက် မနည်း သေဆုံးပြီး ၈ ယောက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေနဲ့မိဘတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  သေဆုံးသူဦးရေကို ဒေသခံ ပညာရေးအရာရှိက “ကလေး ၈ ယောက်ကို ဆေးရုံတင် ထားရတယ်။ သေဆုံးကလေးငယ်တွေဟာ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြား အရွယ်တွေ” လို့ အတည်ပြုပြောကြားပါတယ်။  နေ့ခင်းပိုင်းမှာ ခွန်ဘာမြို့က ကျောင်းထဲကို သေနတ်သမားတွေက မော်တော်ဆိုင်ကယ်တွေ စီးနင်း ဝင်ရောက်လာပြီး တိုက်ခိုက်ခဲ့တာပါ။  အဲဒီဒေသဟာ ခွဲထွက်ရေးသူပုန်တွေ ကျက်စားရာနေရာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။  ထွက်ပြေးဖို့ ကြိုးစားတဲ့အနေနဲ့  ၂ ထပ်ကျောင်းဆောင် ပြတင်းကနေ ခုန်ချခဲ့ကြတဲ့အတွက် လူအတော်များများ ဒဏ်ရာရကြပါတယ်။  လူကြီးတွေက ကျောင်းကိုပြေးပြီး ကလေးတွေကို ပွေ့ချီ ပြေးလွှားနေပုံ ရုပ်သံတွေလည်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ ပျံ့နေပါတယ်။  
1 year Ago
Up