ကင်းမြီးကောက်ထောင်ပြသည့်

April 20, 2018

သခင့်လှုပ်ရှားမှုအတိုင်း ကင်းမြီးကောက်ထောင်ပြသည့် ချစ်စရာ မျောက်ဝံကြီး (ရုပ်သံ)

    အမေရိကန်နိုင်ငံမှာ သခင်ဖြစ်သူရဲ့ လှုပ်ရှားမှုအတိုင်း ကင်းမြီးကောက်ထောင် သရုပ်ပြခဲ့တဲ့ ချစ်စဖွယ် ဂေါ်ရီလာ မျောက်ဝံကြီးတကောင်ရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖလော်ရီဒါပြည်နယ်ထဲက Busch Gardens အပန်းဖြေဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဧပြီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဂေါ်ရီလာမျောက်ဝံကြီး ဘိုလင်ဂိုဟာ လေ့ကျင့်သင်ကြားပေးတဲ့ သခင်မဖြစ်သူ ရေချယ်လ်ရဲ့ လှုပ်ရှားမှုအတိုင်း မှန်လှောင်အိမ်အတွင်းကနေ တုပ သရုပ်ပြခဲ့တာကို တွေ့ကြရမှာပါ။ အသက် ၁၃ နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ ဘိုလင်ဂိုဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အနောက်ဘက်မြေနိမ့်ပိုင်း ဂေါ်ရီလာအမျိုးအစားထဲမှာ ပါဝင်ပြီး ဒီဥယျာဉ်ထဲမှာ ပထမဆုံး မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ လူကြိုက်များပြီး နာမည်ကြီးနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင် အညွှန်းမှာတော့ “ဒီလေ့ကျင့်သင်ကြားပေးမှု အမျိုးအစားဟာ ဥယျာဉ်အတွင်း တိရစ္ဆာန်တွေနဲ့ ကျနော်တို့ကြားက ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ အပြုသဘောဆောင်တဲ့ ဆက်နွှယ်မှု ရရှိစေပါတယ်” လို့ ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။ အနောက်ဘက်မြေနိမ့်ပိုင်း ဂေါ်ရီလာအမျိုးအစားတွေဟာ ရှားပါးမျိုးစိတ်တွေထဲမှာ ပါဝင်ပြီး တကမ္ဘာလုံးမှာ ကောင်ရေ ဘယ်လောက်ကျန်ရှိနေသေးတယ် ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ဂေါ်ရီလာမျောက်ဝံတွေကို အမဲလိုက် ဖမ်းဆီးသတ်ဖြတ်တာတွေဟာ တရားမဝင်တဲ့ ပြစ်မှုတခုအဖြစ် သတ်မှတ်ထားပေမယ့် အကောင်ငယ်တွေကို ဖမ်းဆီးပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းချတာတွေ၊ အရွယ်ရောက်ပြီးတဲ့ အကောင်တွေကိုတော့ သားမွေးနဲ့ အသားအတွက် ဖမ်းဆီးသတ်ဖြတ်တာတွေတော့ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up