အန္တရာယ်ရှိတဲ့ အခြေအနေအမျိုးမျိုးမှာ စွမ်းရည်ပြသနိုင်ဖို့ဆိုတာ သာမန်အခြေအနေနဲ့တောင် မလွယ်ကူလှပေမယ့် ဒီရာအက်ဘိုဟွိုင်ကတော့ ဒီအခြေအနေတွေကို ကင်းမြီးကောက်ထောင် အခြေအနေနဲ့ လုပ်ပြနိုင်ခဲ့ပါတယ်။
သူဟာ အီသီယိုးပီးယားနိုင်ငံကဖြစ်ပြီး အခြေအနေအမျိုးမျိုးမှာ စွမ်းရည်ပြသမှုတွေနဲ့အတူ နာမည်ကြီးနေခဲ့တာပါ။
“ကျနော်က လူတွေကို စွမ်းရည်ပြသမှုတွေ လုပ်ပြခဲ့ချိန်က သူတို့က ဒါဟာ အစစ်အမှန်လို့ မယုံကြည်ခဲ့ကြပါဘူး။ ဒါက မျက်လှည့်တခုသာဖြစ်မယ်လို့ သူတို့ ထင်ကြတယ်လေ။”
နိုင်ငံရဲ့ မြောက်ပိုင်းခရိုင်တခုဖြစ်တဲ့ တီဂရေးခရိုင်ထဲမှာ နေထိုင်တဲ့ ဒီရာအက်ဘိုဟွိုင်ဟာ လက်ရှိမှာတော့ သူ့ရဲ့ လက်နှစ်ဖက်ကို အသုံးပြုပြီး ကင်းမြီးကောက်ထောင်ကာ အံ့ဖွယ်အစွမ်းပြနိုင်သူအဖြစ် အသိအမှတ်ပြု ခံနေရပါပြီ။
ကင်းမြီးကောက်ထောင် အနေအထားနဲ့ ကြမ်းတမ်းတဲ့ တောင်အဆင်းလမ်းမှာ လူတယောက်ကို ချီပိုးပြီး ဆင်းပြတာ၊ ကားတစီးကို တယောက်တည်း ဆွဲပြတာ၊ လှေကားပေါ်က ဆင်းပြတာ၊ လားပေါ်မှာ ကင်းမြီးကောက်ထောင်စီးပြတာ၊ ကားခေါင်မိုးပေါ်က လိုက်ပြတာ စတဲ့ စွမ်းရည်ပြသမှုတွေကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ကြရမှာပါ။
လက်ရှိမှာတော့ အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒီရာအက်ဘိုဟွိုင်က ခုလိုအခြေအနေဖြစ်လာဖို့ အသက် ၉ နှစ်သား အရွယ်ကတည်းက လက်တွေကို အသုံးပြု လေ့ကျင့်ခဲ့ရတာလို့ ပြောပါတယ်။
“တရုတ်နဲ့ အမေရိကန်ရုပ်ရှင်တွေ ကြည့်တယ်။ ဇာတ်ကားထဲမှာပါတဲ့ စတန့်ပြကွက်တွေက တကယ်လုပ်ခဲ့တာလို့ ကျနော်ထင်ခဲ့တယ်။ ပြန်တည်းဖြတ်ထားမှန်း မသိခဲ့ဘူး” လို့ ဒီရာအက်ဘိုဟွိုင်က ပြောပါတယ်။
သူဟာ လေ့ကျင့်မှုတွေကို မနက်ပိုင်းမှာ ၃ နာရီနဲ့ ညပိုင်းမှာ ၃ နာရီလောက် လေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။
သူ့အတွက်တော့ လက်ရှိအချိန်မှာ ကင်းမြီးကောက်ထောင် လမ်းလျှောက်တာ၊ အမြင့်တက်တာတွေဟာ မထူးဆန်းတော့ဘဲ ဒါကို ရပ်တန့်မှာမဟုတ်သလို ဂင်းနက်စ် ကမ္ဘာ့စံချိန်တင်နိုင်အောင် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဒါပေမယ့် အားလုံးကတော့ ဒီရာအက်ဘိုဟွိုင်ရဲ့ ပရိသတ်တွေချည်း မဟုတ်ခဲ့ပါဘူး။
မိခင်ဖြစ်သူ ဂစ်ဒီနဂက်ရှ်ကတော့ သားဖြစ်သူဟာ ခုလိုအခြေအနေနဲ့ တောင်ကုန်းပေါ်က ဆင်းပြတဲ့အချိန်မှာ လည်ပင်းလိမ်ကျိုးပြီး ထိခိုက်ဒဏ်ရာ ရသွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
ဒီရာအက်ဘိုဟွိုင်က “ကျနော့်မိသားစုဝင်တွေကတော့ ဒါကို အားမပေးကြပါဘူး။ ဒါပေမယ့် ကျနော့်ကိုအားပေးတဲ့ ပရိသတ်တွေကတော့ ဒါကိုဆက်လုပ်ဖို့ တွန်းအားပေးနေတာမို့ ဒါကို ဆက်လုပ်သွားမှာပါ” လို့ ပြောပါတယ်။
3 years Ago