ဖိလစ်ပိုင်ရေပိုင်နက်ကို ကင်းလှည့်ဖို့နဲ့ ရေတပ်စွမ်းဆောင်နိုင်ရည် တိုးမြှင့်ဖို့ ဂျပန်နိုင်ငံကနေ ကင်းထောက်လေယာဉ် ၃ စီးကို ဖိလစ်ပိုင်ရေတပ်က မတ်လ ၂၆ ရက်နေ့မှာ လက်ခံရယူလိုက်ပါတယ်။
TC90 ဘီးခရပ် လေယာဉ် ၃ စီးဟာ လွှဲပြောင်းရေးအခမ်းအနား ကျင်းပရာ မနီလာမြို့တော် အပြင်ဘက်က ရေတပ်စခန်းထဲကို ဆင်းသက်ခဲ့တာပါ။
ဒီပွဲကို ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လိုရန်ဇာနာနဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး တစုအို ဖုခုဒတို့ တက်ရောက်ပါတယ်။
"နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအနေနဲ့ ပင်လယ်ရေကြောင်း ဘေးကင်းရေး ထိန်းသိမ်းဖို့ ဖိလစ်ပိုင်နဲ့အတူ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်တွေကို လိုချင်တယ်။ ဒါဟာ ဖိလစ်ပိုင်အတွက်သာ မကဘဲ ဒေသတွင်းအတွက်ရော ကျနော်တို့အတွက်ပါ အကျိုးရှိပါတယ်" လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။
ဒါဟာ အကွီနိုအစိုးရနဲ့ ဂျပန်အစိုးရတို့ကြား TC90 လေယာဉ်ငါးစီး လွှဲပေးမယ့် ထောက်ပံ့မှုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
ဒီလေယာဉ်တွေကို နိုင်ငံတောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ရေပြင်မှာ ကင်းလှည့်ဖို့ သုံးမယ်လို့ ဖိလစ်ပိုင်ဝန်ကြီးက ပြောပါတယ်။
ဖိလစ်ပိုင်ဟာ ဘမ်ဟမ် ရေအောက်ကုန်းမြင့်မှာ စီးပွားရေးလုပ်ကိုင်ခွင့် လောလောလတ်လတ် ရထားလို့ အဲဒီနေရာမှာ ကင်းလှည့်မှာပါ။
ဒီလေယာဉ်တွေကို တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အရေးနဲ့ ပတ်သက်ပြီး အာရုံစိုက် သုံးစွဲမှာမဟုတ်ဘူးလို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။
3 years Ago