ကင်းကောင်ရုပ်ရှင်

March 10, 2017

ပွဲဦးထွက်တင်ဆက်သည့် ဗီယက်နမ် ကင်းကောင်ရုပ်ရှင်ပွဲတွင် မီးလောင်မှုကြီးဖြစ် (ရုပ်သံ)

မတ်လ ၉ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်ရှိ ဗီဗိုစီးတီး ဈေးဝယ်စင်တာကြီးမှာ ပွဲဦးထွက်တင်ဆက်ခဲ့တဲ့ ကင်းကောင်ရုပ်ရှင်ဖွင့်ပွဲကြီးမှာ ကင်းကောင်ရုပ်တုကြီး မီးစွဲရာကနေ အကြီးအကျယ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကင်းကောင်ရုပ်တုကြီး မီးစွဲလောင်ပြီးနောက် ပွဲစီစဉ်တင်ဆက် ဖျော်ဖြေတဲ့သူတွေ ကြောက်လန့်တကြား ထွက်ပြေးနေတာ တွေ့ရသလို အရေးပေါ် မီးသတ်ကားတွေ ခေါ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒီဈေးဝယ်စင်တာကြီးမှာ မတ်လ ၉ ရက် ညနေပိုင်းက ဖျော်ဖြေခဲ့တဲ့ပွဲမှာ ဇာတ်စင်အခင်းအကျင်း ဆိုးဆိုးရွားရွား မှားယွင်းခဲ့ရာကနေ မီးလောင်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အစပိုင်းမှာ မီးတောက်ပြင်းပြင်းတွေ တွေ့ရပေမယ့် ပွဲတက်ရောက်သူတွေက ဒါဟာ ပွဲအစီအစဉ်ထဲက အပိုင်းတခုလို့ ယူဆခဲ့ကြပေမယ့် မီးတောက်ကြီးတွေက ကင်းကောင်ရုပ်တုကြီးဆီပါ ပျံ့နှံ့မီးစွဲသွားပြီး တခြားအဆောက်အဦရဲ့ အစိတ်အပိုင်းတွေကို မီးစွဲသွားတဲ့အခါမှ လူတွေ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြတာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ မီးသတ်သမားတွေရောက်လာပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့လို့ နောက်ဆုံးမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။ ကင်းကောင်ရုပ်ရှင် အခန်းဆက် ဇာတ်လမ်းအပိုင်းတပိုင်းကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။
5 years Ago
Up