ကင်မ်ဂျုံအန်း

December 27, 2017

ကင်မ်ဂျုံအန်းပုံစံတူသူကို လူတွေ ဘယ်လိုတုံ့ပြန်ဆက်ဆံသလဲ (ရုပ်သံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းပုံစံဖမ်း ဖျော်ဖြေသူ ဒရက်ဂွန်ကင်မ် (Dragon Kim) ဆိုသူက နိုင်ငံအသီးသီးမှာ သူ့ကိုတွေ့တဲ့အခါ လူတွေက ဘယ်လိုဘယ်ပုံ တုံ့ပြန်ဆက်ဆံသလဲ ဆိုတာကို ပြောပြထားတဲ့ ရုပ်သံ ဘီဘီစီသတင်းမှာ တင်ပြထားပါတယ်။ သူက ရုပ်သံဖိုင်ထဲမှာ “ကျနော့်နာမည် ဒရက်ဂွန်ကင်မ်ပါ။ ကျနော်က ကင်မ်ဂျုံအန်းပုံစံ ဖမ်းပြီး ဖျော်ဖြေသူပါ” လို့ ပြောထားပြီး သူ ဆိုးလ်မြို့ ရောက်ရှိလာတာကို ဒုံးကျည်လူသား ဆိုးလ်မြို့ကို ရောက်လာတယ်လို့ ရုပ်သံသတင်းမှာ သရော်ထားတာပါ။ “ကျနော် ဒီလိုလုပ်နေတာ ၄ နှစ်လောက်ရှိပါပြီ။ ကျနော် ဘာကြောင့် ဒီလိုလုပ်သလဲဆိုတော့ ကျနော် စစ်တပ်မှာ တာဝန်ထမ်းဆောင်တော့ လူတွေက ကျနော်ဟာ ကင်မ်ဂျုံအန်းနဲ့တူတယ်လို့ တကယ်ပဲ ထင်ကြတယ်။ ဒါကြောင့် အဲ့ဒီအချိန်ကစပြီး ကျနော်လည်း ကင်မ်ဂျုံအန်းဝတ်တတ်တဲ့ ဝတ်စုံတွေ စဝယ်တော့တာပဲ။ ပြီးတော့ သူ့လိုဆံပင်ပုံစံတူ ညှပ်တယ်” လို့ ဒရက်ဂွန်ကင်မ်က ပြောပါတယ်။ လူတွေက သူ ဒီလိုလုပ်နေတာကို ကြိုက်ကြကြောင်း၊ သူလုပ်နေတာတွေကို နိုင်ငံရေးတွေ လုပ်နေတယ်လို့လည်း မထင်ကြကြောင်း၊ သူ ဟာသလုပ်နေတာကိုပဲ သတိထားမိကြကြောင်း၊ ဒါကြောင့် လူတွေက ကြိုက်ကြကြောင်း သူက ရှင်းပြပါတယ်။ “ကျနော် တချို့နိုင်ငံတွေကို ရောက်တဲ့အခါ လူတွေက ကျနော့်ကို တကယ့် ကင်မ်ဂျုံအန်းလို့ ထင်ကြတယ်။ အဆိုးဆုံးကိစ္စကတော့ သူတို့က ကျနော့်ကို နင် ဒီနေရာမှာ မရှိသင့်ဘူး၊ ငါတို့တိုင်းပြည်က ထွက်သွား၊ စတဲ့ စကားကြမ်းတွေ ပြောကြတယ်။ တခါတရံ ကျနော့်ကို ထိုးမလိုတောင်လုပ်တယ်။ ဒီလို ဆိုးရွားတဲ့ အတွေ့အကြုံတွေတော့ တွေ့ရတယ်” လို့ ဒရက်ဂွန်ကင်မ်က ရှင်းပြပါတယ်။
4 years Ago

March 4, 2016

မြောက်ကိုရီးယား ဒုံးကျည်အမြောက်အမြား ပစ်ခတ်လေ့ကျင့်မှု ကင်မ်ဂျုံအန်း စီမံကွပ်ကဲ

မြောက်ကိုရီးယားက အသစ်တီထွင် ထုတ်လုပ်ထားတဲ့ ဒုံးကျည်အမြောက်အမြားကို တပြိုင်နက် ပစ်လွှတ်နိုင်တဲ့ ပစ်စင်ကို ပစ်ခတ်လေ့ကျင့်မှုအတွင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက စီမံကွပ်ကဲနေတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက မတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။ မြောက်ကိုရီးယားကို ရန်သူတွေရဲ့ ခြိမ်းခြောက်မှု တိုးလာခဲ့ရင် နျူ ကလီးယားလက်နက်ကို အချိန်မရွေးသုံးဖို့ အသင့်ပြင်ထားဖို့လည်း အမိန့်ထုတ်ထားတယ်လို့ ပြောပါတယ်။ မတ်လ ၂ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ပိုပြင်းတဲ့ ဒဏ်ခတ်မှုအသစ် ချမှတ်အပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ထပ်တိုးလာခဲ့တာလို့ ကေစီအန်အေက မှတ်ချက်ပြု ပြောဆိုပါတယ်။ စစ်ရေးလေ့ကျင့်မှု ဘယ်နေ့ကလုပ်တယ်ဆိုတာတော့ မပြောပါဘူး။ ဒါပေမယ့် လက်နက်သစ်တွေက တောင်ကိုရီးယားကို ရောက်နိုင်တယ်လို့ ပြောပါတယ်။ နိုင်ငံတော် ကာကွယ်ရေးအတွက် နျူကလီးယား ထိပ်ဖူးတွေရဖို့ လိုအပ်တယ်လို့ ကင်မ်က ဖိအားပေး ပြောပြီး နျူကလီးယား တပ်အင်အားကို အရည်အချင်းရော အရေအတွက်ပါ တိုးမြှင့်ထားသင့်တယ်လို့လည်း ပြောကြောင်း ကေစီအန်အေက ကိုးကား ဖော်ပြပါတယ်။ မြောက်ကိုရီးယားဟာ အရင်ကလည်း ကြိုတင်ကြေညာမှု မလုပ်ဘဲ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် အပါအဝင် ရန်သူတွေကို တိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ စစ်ရေးပညာရှင်တွေကတော့ မြောက်ကိုရီးယားက အမေရိကန်ထိ ရောက်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်ကို လုပ်နိုင်စွမ်းအပေါ် သံသယရှိနေကြပါတယ်။ မြောက်ကိုရီးယားဟာ မတ်လ ၃ ရက်နေ့ကလည်း အရှေ့ပင်လယ်ထဲကို ကျည်ဖူးအတော်များများ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
6 years Ago
More News
Up