ကင်မ်ဂျုံအန်

April 15, 2019

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန် သမ္မတထရမ့်ကို ထပ်တွေ့ချင်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သတ်မှတ်ချက်တွေနဲ့အတူ ထပ်တွေ့ချင်တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က ထုတ်လွှင့်သွားပါတယ်။ ကင်မ်ဟာ ၁၄ ကြိမ်မြောက် ပြည်သူ့ညီလာခံ (SPA) ရဲ့ပထမ အစည်းအဝေး ပိတ်ပွဲအတွင်း ပြောတဲ့ မိန့်ခွန်းထဲမှာ  ခုလို ပြောလိုက်တာပါ။ သူဟာ ပြီးခဲ့တဲ့သီတင်းပတ်က မြောက်ကိုရီးယား ပြည်တွင်းရေးရာ ကော်မရှင် SAC ရဲ့ ဥက္ကဋ္ဌကို ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ တကယ်လို့ အမေရိကန်က မှန်ကန်တဲ့ ရပ်တည်ချက်ကို ကျင့်သုံးပြီး ကျနော်တို့နဲ့ မျှဝေနိုင်တဲ့ နည်းလမ်းစနစ်အတိုင်း တတိယမြောက် နှစ်နိုင်ငံ ထိပ်သီးညီလာခံကို တက်မယ်ဆိုရင် နောက်တကြိမ် ဆွေးနွေးဖို့ စဉ်းစားနိုင်တယ်လို့ ကင်မ်က ပြောပါတယ်။ တဖက်သတ် တောင်းဆိုချက်တွေကို စားပွဲပေါ် တင်မလာဘဲ နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို ပြည့်မီစေမယ့် အပြုသဘော ဆောင်တဲ့ အဖြေကို ရှာဖို့ လိုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ဒီနှစ်ကုန်ထိ စိတ်ရှည်ရှည် စောင့်နေမယ်လို့လဲ ကင်မ်က ပြောပါတယ်။  ဒုတိယ အကြိမ်ထိပ်သီးညီလာခံမှာ အမေရိကန်ဟာ သူ့အကျိုးစီးပွား သက်သက်ကိုသာ စဉ်းစားခဲ့တယ်လို့လဲ ကင်မ်က အပြစ်တင်ခဲ့ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်အောင် လုပ်ဖို့ ထရမ့်ရဲ့ လိုလားမှုကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်လို့လဲ ကင်မ်က ပြောပါတယ်။ ဓာတ်ပုံ-ANN
2 years Ago
Up