ကင်ညာအလှမယ်

July 21, 2018

ရည်းစားကို ဓားဖြင့်ထိုးသတ်ခဲ့သည့် ကင်ညာအလှမယ် သေဒဏ်ပေးခံရ

အသက် ၂၄ နှစ်အရွယ် ကင်ညာအလှမယ်တဦးကို လူသတ်မှုအတွက် တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ The Daily Star သတင်းဌာနမှာ ဖော်ပြပါတယ်။ အလှမယ်ဟာ ရည်စားဖြစ်သူကို ဓားနဲ့ ၂၅ ချက်တိတိ တိထိုးသတ်ခဲ့သူဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့အချို့ကတော့ အခုပြစ်ဒဏ်ကို လူမဆန်တဲ့ အမိန့်ချမှတ်မှုတခု ဖြစ်တယ်လို့ ဆိုကြပါတယ်။ ရုသ်ကာမာန်ဒီလို့ ခေါ်တဲ့ အလှမယ်ဟာ သူ့ရည်းစားကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ သတ်ခဲ့တာဖြစ်ပြီး ဒီအမှုအတွက် တရားရင်ဆိုင်နေရစဉ်အတွင်း အကျဉ်းထောင် အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ “ဘယ်လောက်ပဲ ဒေါသဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စိတ်ပျက်စရာရှိနေပါစေ ရည်းစားကို သတ်တာ မကောင်းဘူးလို့ လူငယ်တွေကို ပြောချင်ပါတယ်။ အဲ့ဒီအစား လုံးဝမပတ်သက်တော့တာက အကောင်းဆုံးပါပဲ” လို့ သူမက ပြောပါတယ်။ ကာမာန်ဒီဟာ သူ့ရည်းစားကို သတ်ပြီးချိန်မှာ ကောင်လေးရဲ့ဖုန်းကို ဝင်ရောက်ကြည့်ရှုတာ၊ သွေးသံရဲရဲသေဆုံးနေတဲ့အလောင်းကို မသိကျိုးကျွံပြုနိုင်တာ စတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် သေဒဏ်ချမှတ်ရတာလို့ တရားသူကြီးက ပြောပါတယ်။ အခုပြစ်ဒဏ်ဟာ ကာမာန်ဒီ ကျူးလွန်ခဲ့တဲ့အမှုအတွက် ထိုက်တန်တယ်လို့လည်း သူ့ရည်စားရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လို လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ဒီပြစ်ဒဏ်ဟာ “ရက်စက်လူမဆန်ပြီး ခေတ်နောက် ကျနေတဲ့” ပြစ်ဒဏ်လို့ ဝေဖန်ပါတယ်။ ကာမာန်ဒီရဲ့ ရှေ့နေကတော့ ပြစ်ဒဏ်အတွက် အယူခံဝင်မယ်လို့ ဆိုပါတယ်။ ကင်ညာနိုင်ငံမှာ ၁၉၈၇ ခုနှစ်ကစလို့ သေဒဏ်ပြစ်ဒဏ်ချမှတ်တာနဲ့ ကွပ်မျက်တာတွေ မရှိခဲ့တော့တာပါ။ ဒါ့အပြင် ကင်ညာနိုင်ငံဗဟို တရားရုံးချုပ်ကလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ လူသတ်မှုနဲ့ လက်နက်ကိုင် ဓားပြမှုတို့အတွက် သေဒဏ်ပေးတာကို အခြေခံဥပဒေနဲ့မကိုက်ညီဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း သေဒဏ်ပေးခြင်းဆိုင်ရာ သတင်းအချက်အလက်စင်တာကပြောပါတယ်။ ဒါပေမယ့် ကင်ညာနိုင်ငံရဲ့ဥပဒေမှာ သေဒဏ်ကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။
3 years Ago
Up