ကင်ညာတွင် လူ့အညစ်အကြေးနှင့် လွှစာမှုန့်ရောပြီး လောင်စာအဖြစ် ထုတ်လုပ်

August 8, 2017

ကင်ညာတွင် လူ့အညစ်အကြေးနှင့် လွှစာမှုန့်ရောပြီး လောင်စာအဖြစ် ထုတ်လုပ်

ကင်ညာနိုင်ငံ Rift တောင်ကြားဒေသ နာကူရူမြို့က ကုမ္ပဏီတခုဟာ လူ့အညစ်အကြေးတွေနဲ့ လွှစာမှုန့်တွေရောပြီး လောင်စာအဖြစ်ပြောင်းလဲကာ ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ အလုပ်သမားတွေဟာ ထရပ်ကားပေါ်က လူ့အညစ်အကြေးတွေကို အခြောက်ခံမယ့် စင်ပေါ် ပြောင်းရွှေ့ကြပါတယ်။ အဲဒီအညစ်အကြေးတွေဟာ ဒီမှာလုပ်နေတဲ့ လောင်စာလုံးတွေအတွက် အဓိကသုံးတဲ့ပစ္စည်း ဖြစ်ပါတယ်။ သူတို့ကို အခြောက်ခံပြီးနောက် လွှစာမှုန့်တွေနဲ့ရောပြီး အပူချိန် ၃၀၀ ဒီဂရီလောက် ပေးလိုက်ပါတယ်။ အဲဒီလိုလုပ်တာက ပိုးတွေကို သေစေသလို အနံ့ကိုလည်း ပျောက်သွားစေတယ်လို့ ပြောပါတယ်။ "ခြောက်သွေ့သွားအောင်လုပ်ပြီး အနံ့လုံးဝ မထွက်တော့အောင် လုပ်လို့ရတယ်။ အနံ့လုံးဝ ကျန်မနေအောင် လုပ်ထားမှ တခြားအဆင့်တွေကို ဆက်သွားလို့ရတယ်" လို့ ကင်ညာနိုင်ငံ ရေသန့်စင်ရေးကုမ္ပဏီမှ ဆိုက်မန်နေဂျာက ပြောပါတယ်။ လွှစာမှုန့်နဲ့ အညစ်အကြေးတွေ စေးကပ်သွားပြီး လုံးလို့ရအာင် တင်လဲရည်ကို သုံးတယ်လို့ သိရပါတယ်။ အဲဒီလောင်စာတွေကို ၂ ကီလို ၁ ဒေါ်လာနှုန်းနဲ့ ရောင်းချပါတယ်။ အဲဒီလိုလုပ်ခြင်းကြောင့် လောင်စာလည်းရသလို မပြည့်စုံတဲ့ လူနေမြို့နယ်တွေအတွက်လည်း သန့်ရှင်းရေးကို အထောက်အကူပြုတယ်လို့ ပြောပါတယ်။ နာကူရူမှာ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကပဲ မိလ္လာစနစ်ကို အသုံးပြုနိုင်ကြပြီး အများအားဖြင့် ချောင်းတွေ မြောင်းတွေမှာပဲ အညစ်အကြေး စွန့်ကြလေ့ ရှိပါတယ်။ “သူက အနံ့မရှိဘူး၊ မီးအားကောင်းတော့ မြန်မြန်ချက်လို့ရတယ်။ ပြီးတော့ မီးက အကြာကြီးခံတယ်” လို့ ဈေးရောင်းသူတဦးက ပြောပါတယ်။ အဲဒီအညစ်အကြေးလောင်စာကို ဝယ်လိုအား များပြားနေတာကြောင့် ကုမ္ပဏီက လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up